လူအများစုက အဆင်မပြေတဲ့သူတွေကိုတွေ့ရင် သနားတတ်ကြသလိုမျိုး၊ ကူညီမယ့် ပုံစံမျိုးနဲ့ ပြောကြ နှုတ်ဆက်တတ်ကြတယ်။ အဆင်မပြေတာကနေ ပြေသွားတာတွေ့ရင် သို့မဟုတ် ကိုယ့်ထက်သာတယ်ထင်သွားရင် မျက်စောင်းထိုး နှာခေါင်းရွှံ့ပြီး မနာလိုခြင်း စိတ်က စကားအရာ၊ မျက်နှာ အမူအရာ မှာ သိသိသာသာပြောင်းသွား ကြတယ်။ မနာလိုဝန်တိုခြင်းဆိုတာကိုယ့်ထက် သိသိသာသာကြီးကွာဟလွန်းနေရင် မဖြစ်ပေမယ့်၊ ကိုယ်နဲ့တန်းတူတယ်ထင်ရင် သို့မဟုတ် level တူတယ်လို့ထင်နေရင် ဖြစ်တတ်ကြတယ်။ တကယ်တော့ မနာလိုတယ်ဆိုတာ ယင်ကောင်လိုပဲတဲ့။ ခန္ဓာကိုယ်ရဲ့အကောင်ဆုံးနေရာတွေကို မနားဘဲ၊ အနာ(အညီ) နဲ့မှ ပဲ ရပ်ကြ၊ ကြိုက်ကြသတဲ့။ ဒီလိုစိတ်မျိုးဟာ အဆင်မပြေရာကနေ ပြေလည်သွားတဲ့သူတွေကိုတွေ့ရင် အပြင်က ဝမ်းသာနေပြပေမယ့် တခါတခါ မသိစိတ်ထဲမှာ ”မဟုတ်တာလုပ်နေတာမှန်းမှမသိ၊ ဒီလောက်ချမ်းသာသွားတာ ဟုတ်မှ ဟုတ်ရဲ့လား” ဆိုပြီး မကောင်းစိတ်က မကောင်းမြင်စိတ်ကို တွန်းပို့ပြီး စိတ်အညစ်အကြေးတွေကို ဖန်တီးနေတတ်တယ်။ အမှန်တော့ ကိုယ့်စိတ်ကိုက သူများကိုပဲ စိတ်ဝင်စားလွန်းတာ၊ သူများအကြောင်း၊ ကိုယ်နဲ့နီးစပ်သူတွေအကြောင်း ပြောရ တွေးရတာ အကျင့်ဆိုးတစ်ခုလို ကိန်းနေတာ သတိမမူမိဘဲ ဖြစ်တတ်တယ်။ အကျင့်ဆိုး၊ ဥာဥ်ဆိုးဆိုတာ လူတိုင်းမှာ တစ်ခုခုတော့ ရှိတတ်ကြတယ်။ မကောင်းဘူးထင်တဲ့ အကျင့်တွေကို ပြင်ကြရတယ်။ နေ့စဉ်ဝတ်တဲ့ အဝတ်စားတွေကို နေ့ခြား မကြာခဏ လျှော်ဖွတ်သန့်စင်ကြရသလို စိတ်ကိုလည်း အနည်ဆုံး ပုတီးစိတ်တာမျိုး၊ တရားမှတ်နေတာမျိုး၊ တရားထိုင်တာမျိုး စိတ်ကို ပြန်ကြည့်ပြီး လှူပ်ရှားရမ်းကားနေတဲ့စိတ်ကို တည်ငြိမ်အောင် ကျင့်ကြရတယ်။ လောကီလူ့ဘောင်ဆိုတော့ စိတ်ရှုပ်ထွေးစရာတွေ၊ တွေးမိတွေးရာတွေ ဟိုရောက်ဒီရောက်ဖြစ်တတ်တော့ မကောင်းတဲ့စိတ်၊ မနာလိုတဲ့စိတ် တစ်ခုခု ဖြစ်ဖို့ သတိမေ့တိုင်း ခဏခဏ ဖြစ်တတ်ကြတာ မဆန်းပါဘူး။ စိတ်က သူများတွေ မိတ်ဆွေတွေ ပြေတိုင်း အမှန်တကယ် ရင်ထဲကပါ ဝမ်းသာတတ်သလား ပြန်ဆန်းစစ်ကြရမယ်။ အကောင်းဆုံးဖြေဆည်တတ်ဖို့နည်းကတော့ သူက သူ့ဘဝ၊ သူ့မိသားစု အတွက် အသက်မွေးသလို၊ ကိုယ့်က ကိုယ့်ဘဝ ကိုယ့်မိသားစု အတွက် အသက်မွေးနေကြတာပါလားလို့ မြင်တတ်ရင် စိတ်သက်သာရရပြီး သူ့အတွက် အများအတွက် ပီတိနဲ့ ကြည်နူးစိတ်လေးကိန်းလာပါလိမ့်မယ်။ ဘယ်သူ့ကိုမဆို ဖြူစင်တဲ့ ချစ်ခြင်းတွေနဲ့ မေတ္တာများများပို့ရင်လည်း ကြည်လင်အေးမြတဲ့စိတ်ကို တဖြည်းဖြည်းချင်း ကျင့်ယူကြရတယ်။ စိတ်ကိုရင့်ကျက်အောင် ကျင့်နိုင်သူကို စိတ်ထားမြင့်မြတ်ပြီး၊ သဘောထားကြီးတယ်လို့ မြင်ကြသလို၊ လူချစ်လူခင်ပေါပြီး၊ကောင်းသော ကြံစည်သမျှ အောင်မြင်ဖို့လမ်းကြောင်းပေါ်ရောက်စမြဲပါ။