ကံကောင်းတဲ့သူတွေဟာ ကံကောင်းဖို့ကို အလိုလိုဖန်တီးပေးလာတတ်ကြတယ်။ ကံဆိုးမယ့်သူများ ကြတော့လည်း အဖေါ်လေးတွေနဲ့တဲ့။ အတိတ်ကံဆိုတာ မမြင်ရ မမှန်းဆနိုင်တော့ ပစ္စုပ္ပန်တည့်တည့်မှာပဲ ရပ်တည်ချက် ယုံကြည်ချက် နဲ့ ရှေ့ကို ဆက်သွားကြရမှာပါ။ တချို့က ကံမကောင်းဘူးဆိုပြီး ကောင်းတဲ့ကံတွေ တည်ဆောက်ဖို့ ကုသိုလ် ကောင်းမှုလုပ်တာမျိုးတွေ မေ့လျော့နေတတ်ကြတယ်။ ကုသိုလ်စိတ်က ကောင်းကျိုးကို တွန်းအားပေးတယ်။ အကုသိုလ်စိတ်က အကုသိုလ်ကို တွန်းပို့တယ်။ ပုတီးစိတ်စိတ် ဂါထာရွတ်ရွတ် နားမလည်ရင်တောင် ဘုရားကို ကြည်ညိုစိတ်နဲ့ ရွတ်နေရင် အနည်းဆုံးစိတ်က အကုသိုလ်စိတ်ဖြစ်ဖို့နည်းသွားတယ်။ အကုသိုလ်စိတ်နည်းလာရင် စိတ်ကြည်လာမယ်။ စိတ်ကြည်လာရင် လုပ်သင့်တဲ့အလုပ်မလုပ်သင့်တဲ့အလုပ် မြင်လာမယ်။ စိတ်ကြည်တော့ မျက်နှာကြည်လင်လာမယ်။ မျက်နှာကြည်လင်လာတော့ ချစ်ခင်တဲ့မိတ်ဆွေတွေ တိုးလာမယ်။ ဒါကပဲ ကုသိုလ် အကျိုးပေးဖို့ လမ်းကြောင်းပွင့်လာတဲ့သဘောပဲ။ ကောင်းတဲ့စိတ်ဆိုတာ ဘယ် ဘာသာတရားဖြစ်မှ ရယ်လို့ မဆိုင်ပါဘူး။ စိတ်ကောင်းရင် လူကောင်းမယ်။ စိတ်ထားမှန်ရင် လူနတ်ချစ်မယ်။ စိတ်စေတနာကောင်းနဲ့ ပေးဝေ၊ မျှဝေနေရင် ကုသိုလ် ချည့်ပါပဲ။ ဒီကနေပဲ ကောင်းကျိုးတွေဆိုတာ ဆက်စပ်ပြီး အကျိုးပေးလာကြတယ်။ ဒီလိုပြောလို့ တချို့က အကုသိုလ်လုပ်နေပေမယ့် ချမ်းသာတဲ့ အကျိုးပေးနေတဲ့သူရှိနေတာပဲ လို့ပြောကြမယ်။ မမြင်ရတဲ့ အတိတ်ကံအရှိန်လေး ရှိနေသ၍တော့ မှန်နေမှာပေါ့။ အတိတ်ကံဆိုတာ ရှိကိုရှိတယ်။ တချို့က ဘယ်သူမှ ဖန်ဆင်းပေးလို့မဟုတ်ဘူး မွေးကတည်းက ချမ်းသာတယ်။ တချို့က လူဖြစ်ပါပြိဆိုကတည်းက ကုန်းကောက်စရာမရှိအောင် ဆင်းရဲတယ်။ ဒါကြောင့် ပြောကြတာ အတိတ်ကံဆိုတာ ယှဥ်လို့မရဘူးတဲ့။ ယှဥ်လို့ရနိုင်တာ ပစ္စုပ္ပန်ကံပဲ။ အတိတ်ကံဆိုတာ နောက်ကြောင်းပြန် ပြင်လို့မှ မရတော့တာ။ ဒါကြောင့် လက်ရှိပစ္စုပ္ပန်တွေကို ပဲ ကံအသစ်တွေဖန်တီးပါ။ ကောင်းတဲ့ ကြမ္မာတွေ တည်ဆောက်ယူပါ။ ကိုယ်နိုင်သလောက် ပါရမီတွေကို ကြိုးစားဖြည့်ဆည်းကျင့်ကြံပါ။ မရသေးတဲ့ပညာကို ရအောင်ယူပါ၊ မရသေးတဲ့ကုသိုလ်ကို ရအောင် ဖြည့်ပါ။ လက်ရှိဘဝကို ပဲ လှအောင်တည်ဆောက်ပြီး ကိုယ့်အတွက် အများအတွက် လှပတဲ့ လူ့ဝန်းကျင်တစ်ခုဖြစ်အောင် ကိုယ်တိုင်ပါဝင်ပြိး တတ်အားသလောက် ပါဝင်တည်ဆောက်နိုင်သူဖြစ်နေရင်ပဲ တန်ဘိုးရှိတဲ့ဘဝ ဖြစ်နေမှာပါ။