ညီမတစ်ယောက်က မပြေတဲ့ အကြောင်း ညည်းတယ်။ မောင်တွေ,ညီမတွေ အသုံးမကျတဲ့အကြောင်း, အလုပ်တွေ ဘာလုပ်ရမှန်းမသိတဲ့ကြောင်း စုံလို့ပေါ့။ ဘာမှ လုပ်မရရင် ကုသိုလ်လေးပဲ လုပ် လို့ပြောတော့ လုပ်တာပဲ, မပြေတာက မပြေတာပဲ တဲ့။ 🙂 တကယ်တော့ သစ်ပင်စိုက်သလိုပါပဲ။ အပင်က ချက်ချင်းမကြီးသလို, အသီးကလည်း ချက်ချင်းမသီး။ စေတနာ နဲ့ လုပ်ဆောင်မှုပေါ်မှာ ပဲ မူတည်တာပါ။ စိတ်ပါလက်ပါနဲ့ ဂရုတစ်စိုက် လုပ်နေရင် တစ်နေ့နေ့တော့ အချိန်တန်ရင် ကိုယ်ပျိုးထားတဲ့ အသီးကိုယ်ပဲ စားရမှာပါ။ တချို့ အားထုတ်မှုတွေက လိုချင်စိတ်အရမ်းများနေရင် ဖြစ်လာတာ ကြာတတ်ပါတယ်။ မိတ်ဆွေ သူငယ်ချင်း သူဌေးတစ်ယောက်ပြောသလို ဘာမှ မလိုချင်မှ ရတာ သူငယ်ချင်း၊ ကိုယ်က လိုလို့ငွေနောက်ပြေးလိုက်နေရင် မောတာပဲ အဖတ်တင်မယ်, အေး ငွေက ကိုယ့်နောက်ပြန်လိုက်တဲ့နေကျရင်လည်း မောတယ်လို့ မညည်းနဲ့ တဲ့။ သူဆိုလိုတာက လိုချင်တဲ့စိတ်နဲ့ ဇွတ်မဖန်တီးပါနဲ့။ ငွေနောက်မလိုက်နဲ့ပေါ။ အချိန်တန်လို့ ကိုယ့်အလှည့်ကျရင် အခါကောင်းအခွင့်ကောင်းကြုံပြီး ကံ, ဉာဏ်, ဝိရိယ ညီတဲ့ အချိန် ဖြစ်လာမှာပါ။ မရဘူး, မဖြစ်ဘူးလို့ မထင်ပါနဲ့။ မရသေးတာ, မဖြစ်လာသေးတာလို့ မှတ်ပါ။ တချို့က ဇွဲရှိတယ်။ လုပ်နေကျ ဘုရား,တရားလုပ်တယ်, အလှူလည်း တတ်နိုင်သလောက် အဆက်မပြတ်လုပ်တယ်။ လမ်းထဲက ထမင်းဆိုင် ဉီးလေးကြီးဆိုရင် မနက်မိုးလင်းတာနဲ့ သူ့ဆိုင် ဆိုင်းဘုတ်တိုင်လေးက အစ အမွှေးတိုင်ထွန်းတယ်။ ပန်းချိတ်တယ်, ဆိုင်ရှေ့လာတဲ့ ကိုယ်တော်တွေကို ဆွမ်းမပြတ် လောင်းလှူတယ်။ နေ့ဆွမ်းမတိုင်ခင် (၁၀)နာရီထိုးတာနဲ့ ဆွမ်းချိုင့်လေး ဆွဲပြီး အနီးနားက ဘုန်းကြီးကျောင်းသွားပို့တယ်။ ဒါက နေ့တိုင်း သူပြုနေကျ ကုသိုလ်။ ယုံကြည်မှုနဲ့ လုပ်နေကျတွေကို ကျင့်ဝတ်လို မပျက်စေရဘူး။ စာမတတ်ပေမယ့် နှစ်တွေကြာလာတော့ အဆင်ပြေလာတယ်။ မြို့လယ်လမ်းမကြီးတွေမှာ ဆိုင်ခန်းဝယ်လာနိုင်တယ်။ အိမ်ဝယ်လာနိုင်တယ်။ သူ့ဆိုင်က တစ်နေ့ကို အနည်းဆုံး ၃ သိန်းဖိုးရောင်းရသတဲ့။ ထမင်းဆိုင်ဆိုတော့ သူပြောပုံအရဆိုရင် တစ်ဝက်ကျန်တဲ့သဘော။ တစ်လကို သိန်းလေးငါးဆယ် ဝင်တယ်။ စေတနာ, ဇွဲ နဲ့ ကိုယ့်အလုပ်ကို ကိုယ်ယုံကြည်ဖို့လိုတယ်။ နောက်တစ်ခုအရေးကြီးတာက ချိုသာတဲ့ ဆက်ဆံရေး။ ဒါက စီးပွါးဖြစ်ဖို့ သိပ်အရေးကြီးတဲ့ အချက်။ မပြေဘူးဆိုတာ ကိုယ်ကိုယ်တိုင်က ဟိုစပ်စပ်, ဒီစပ်စပ် နဲ့ ဟိုဟာလေး ကောင်းမလား ပြောင်းလိုက်, ဒီဟာလေး ကောင်းမလား ပြောင်းလုပ်ကြည့်လိုက်ဆိုရင် ဘယ်ပြေမလဲ။ ကိုယ့် ဖေ့သ်ဘုတ်ထဲမှာ အလှပရေးရာပိုင်းမှ စိတ်ဝင်စားတဲ့ တစ်ယောက်ဆို ဘယ်သူမှ ကြည့်ကြည့်မကြည့်ကြည့် သူယုံကြည်ရာကို လုပ်တယ်။ သူ့ကိုယ်သူ အာရုံစိုက်တယ်။ မျက်နှာကို ကြည်နေအောင် ပြုံးထားတယ်။ သူတတ်တဲ့ အလှပရေးရာတွေကို သူသိသလို သူတတ်သလို ပြောပြ သရုပ်ဆောင်တယ်။ ကြာလာတော့ လေးငါးယောက် Like ပဲ ရှိတာကနေ အယောက် ၁၀၀ ကျော်ဖြစ်လာတယ်။ သူ့ အလှကုန်လေးတွေလည်း ရောင်းရလာတယ်။ ယုံကြည်ရာကို ဇွဲနဲ့ စေတနာပါပါ လုပ်နေခြင်းရဲ့ အကျိုးရလာဘ် ပဲ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကိုယ်ဝါသနာပါရာ နဲ့ ဖြစ်နိုင်ခြေကို ကြည့်ပြိး ကြိုးစားကြည့်ပါ။ ဇွဲရှိပါ။ မအောင်မြင်ခင်မှာ လောကဓံရဲ့ အထုထောင်း တွေကိုလည်း ခံနိုင်ရည်ရှိအောင် ကြိုးစားပါ။ ကာတွန်း အယ်နီမေးရှင်းတစ်ခုတည်းကလို စိန်ကျောကြီးတွေ့ခါနီးမှ တူးလက်စကို စွန့်သွားတဲ့ သူလို မဖြစ်ပါစေနဲ့။ – တစ်နှစ်နဲ့ မအောင်မြင်သေးရင် နောက်တစ်နှစ်ကြိုးစားပါ။ – ၂ နှစ် ၃-၄ နှစ်လည်း မအောင်မြင်ရင် ၅ နှစ်ခြောက်နှစ် ကြိုးစားကြည့်ပါ။ – ကြိုးစားရင်း ကိုယ်အားနည်းချက်ကိုလည်း ရှာပါ။ – ထောက်ပြဝေဖန်သူတွေစကားကိုလည်း သည်းခံနားထောင်ပါ။ – အတွေ့ကြုံရှိတဲ့သူတွေကိုလည်း ချဉ်းကပ်ဆည်းပူးပါ။ – ခေတ်နဲ့ ညီအောင် လည်း ညှိပါ။ အောင်မြင်မှု (ပန်းတိုင်) ဆိုတာ ဇွဲရှိတဲ့သူတွေ အတွက်ပဲ ရောက်နိုင်တာပါ။ ဆက်ပါအုံးမယ်။