ဂိမ်းဆော့တာတို့ YouTube ကြည့်တာတို့ က ကလေးတွေ အတွက် ပညာရေး ထိခိုက်နိုင်သလားတဲ့။ ဒီစကားဘာလို့မေးတာလဲ လို့မေးတော့ သူများတွေ ရေးထားတာတွေ့လို့ပါတဲ့။ ထူးဆန်းပါ့။ အရင်ဆုံး ပြောချင်တာက အက်ဂျူကေးရှင်း ပညာရေးဆိုတာဘာလဲ။ စာရွက်၊စာအုပ်နဲ့ရေးထားမှ ပညာရေးလား။ ရှေးတုန်းက ပေစာ၊ ပရပိုက်စာ၊ ကျောက်စာ၊ အုတ်ခွက်စာတွေနဲ့ ပညာရေးသွားခဲ့ကြတယ်။ အဲဒီအရင် ရှေးခေတ်က ဘာမှ ရေးစရာမရှိလို့ နှုတ်တိုက် စာပို့ချခဲ့ကြတယ်။ ခေတ်တွေက မတူတော့ ပညာရေးသင်ယူပုံတွေ ကွဲပြားလာတယ်။ ခု Zoom တို့လို အွန်လိုင်းပလက်ဖောင်းတွေနဲ့ အိမ်ကနေ သင်ယူလို့ရလာတယ်။ ဆရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ Khan Academy တို့ လို ပညာသင်ယူလေ့လာလို့ရတဲ့ ပလက်ဖောင်းတွေ အများကြီး။ အရင်ကိုယ်တွေခေတ်တုန်းက ကိုယ်မသိတာလေးရှိရင် ဆရာတွေဆီကို သွားပြီး ခက်ခက်ခဲခဲ သွားမေးကြရတယ်။ ခု ဘာသိချင်လဲ၊ Google, YouTube တို့လို ပလက်ဖောင်းတွေက ဂုရုမြောက်များစွာ ကိုယ်သိချင်တာတွေ ချက်ချင်းဖြေပေးကြတယ်။ YouTube မှာ အိမ်ရှင်မတွေ ဘာဟင်းချက်ချင်လဲ၊ ဘာမုန့်လုပ်ချင်လဲ၊ အကုန်ရှိတယ်။ သားသားတို့မီးမီးတို့ ဘာလေ့လာချင်လဲ ဘာသာစကား၊ သင်္ချာ၊ သိပ္ပံ နဲ့ နည်းပညာဆိုင်ရာတွေနဲ့ တခြားစိတ်ဝင်စားစရာတွေ တပုံကြီး။ ရုပ်၊ အသံ, video နဲ့ စိတ်ဝင်စားစရာ ကောင်း အောင် တစ်ဆင့်ချင်း ကြည့်လို့ရတယ်။ ဒါပညာရေးမဟုတ်ဘူးလား။ Edutainment (Education+Entertainment) ဆိုတာ ဒါပဲ။ Google မှာကရော ပုံလို့၊ ကြိုက်တာရှာ အကုန်ရှိတယ်။ ဘေဘီ တော့ဒလာ က အစ ဟိုး မာစတာ ပါရဂူ အဆုံး ဂူဂဲလ်ပေါ်က ဆင်းလို့မရတော့တဲ့ ခေတ်။ အထူးသဖြင့် ဂိမ်းဆော့ရင် လူကြီးတွေက ဘာလို့လဲ မသိ။ မဟုတ်တာ အချိန်ဖြုန်းနေတယ်လို့မြင်ကြတယ်။ လွန်လွန်ကျူးကျူး ဆော့တာကတော့ မကောင်းဘူးပေါ့၊ ဒါကတော့ မိဘထိန်းရမှာပေါ့။ သူရို့ဆီမှာ Gaming နဲ့ Technical Skills တွေ သင်ယူနေကြပြီ။ သင်ခန်းစာတွေကို ဂိမ်းလို ဖန်တီးကြတယ်။ ဒီနည်းဟာ ကလေးတွေကို ပိုပြီး စိတ်ဝင်စားစေသလို၊ Critical Thinking ကို လည်း ပိုမို အားကောင်းစေတယ်။ ဥပမာ အိမ်တွေဆောက်မယ်၊ မြို့ပြတွေ ဆောက်မယ်ပေါ့။ ဒါလည်း ဂိမ်းနဲ့ သင်ယူစေတယ်။ ဒီနေ့ခေတ်ဂိမ်းတွေက အွန်လိုင်းကနေ တစ်ကမ္ဘာလုံးချိတ်ဆက်ဆော့ကြရတယ်။ တချို့ Strategies ဂိမ်းတွေ အပါအဝင် ကလေးတွေ ဆော့တဲ့ Microsoft က Minecraft တို့ဆိုရင် ပညာရေးအတွက် သီးခြားကို ဆောက်ပေးထားကြတာ။ Coding တွေသင်နေကြတဲ့ Scratch Jr. လိုမျိုး programming တွေရေးနိုင် အောင် ကလေးတွေစိတ်ဝင်စားစေမယ့် ဂိမ်လိုမျိုး features တွေထည့်ပေးထားကြတယ်။ ဒါမျိုးတွေက အများကြီး။ ဒီနေ့ခေတ်မှာ နည်းပညာကို အခြေခံပြီး AR( Augmented Reality), VR(virtual reality), Hololens တို့ဟာ ပညာရေး အသားပေး Gadgets တွေပါ။ မူလတန်းက စပြီး၊ အင်ဂျင်နီယာ၊ ဆေးပညာဆိုင်ရင် တက္ကသိုလ်တွေ၊ အာကာသ သိပ္ပံဆိုင်ရာတွေအထိ ထိရောက်တဲ့သင်ကြားမှုမျိုးတွေ တွဲဖက်အသုံးပြုပြီး လုပ်လာနိုင်နေပြီ။ ဒါကို ကိုယ့်ဘက်က ခေတ်နောက်ပြန်ဆွဲပြီး ဖုန်းကြည့်ရင်ပဲ မျက်စိပျက်တော့မှာလိုလို၊ ကွန်ပျူတာသုံးရင် ဂေါက်တော့မှာလိုလို နဲ့ စာအုပ်တွေကို ပဲ ပညာရေးလို့ ထင်နေသေးရင် Education 2.0 ဗားရှင်းကနေ ဘယ်တော့မှ ကျော်လို့ရအုံးမှာ မဟုတ်ပါဘူး။ ဆက်ပါအုံးမယ်