စကားစကား ပြောပါများတော့ စကားထဲက, ဇာတိပြ တဲ့။ စေတနာ, အတွေ့ကြုံ, နဲ့ ပညာ ဆိုတာတွေဟာ စကားတွေ အများကြီးပြောကြည့်ရင် သိနိုင်သလို, ဘယ်လောက်ပဲ ဟန်ဆောင်ဆောင် ဖုံးကွယ်ထားလို့မရပါဘူး။ သိပ်ချော, သိပ်ခန့် တဲ့ ယောက်ျား သို့မဟုတ် မိန်းမ ဖြစ်နေရင်လည်း စကားလက်ဆုံပြောကြည့်တာနဲ့ သူ့စေတနာ, သူ့ပညာ, နဲ့ သူ့ အတွင်းစိတ်ကို သိနိုင်ပါတယ်။ ဒါကြောင့် ညီငယ်ညီမငယ်တွေနဲ့တွေ့တိုင်း ပြောဖြစ်တာက ကိုယ်နဲ့အိမ်ထောင်ပြုမယ့်, ရေရှည်လက်တွဲမယ့်သူဆိုရင် ချစ်ကြောင်း ကြိုက်ကြောင်းဆိုတာထက်, အတွေးအခေါ်, အတွေ့အကြုံနဲ့ လောက အကြောင်းအရာတွေ မိတ်တွေ တစ်ယောက်လို အမြင်ချင်းဖလှယ်ဖို့ ဆွေးနွေးဖို့ ခဏခဏတိုက်တွန်းဖူးတယ်။ ချစ်လို့ ကြိုက်လို့ ဆိုတာထက်, အချင်းချင်း မြတ်နိုးတန်ဘိုးထားလို့ ကြည်ညိုချစ်ခင်လို့ ဆိုတာက ပိုမြဲပါတယ်။ တချို့အိမ်ထောင်တွေ, ရပြီးမှ ကွဲကြ, ခွါပြဲကြတယ်ဆိုတာ အဓိက ပြဿနာက စိတ်သဘောထားမတိုက်ဆိုင်တာပါပဲ။ စိတ်သဘောထားမတိုက်ဆိုင်ဘူးဆိုတာကလည်း ချစ်တုန်းကြိုက်တုန်းက မျက်လုံးလေးချင်းပဲ ကြည့်ပြီး မူးယစ်စေခဲ့တာကိုး။ ချစ်တယ်ချစ်တယ် နဲ့ အကြိမ်ကြိမ်ပြောရုံ၊ တို့ကာ ထိကာနဲ့ တကိုယ်လုံး သိမ့်သိမ့်တုံ ဆိုတာလောက်နဲ့ပဲ ဘဝကို လက်တွဲဖို့ စိန်ခေါ်လိုက်ကြတာ။ တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ ချစ်ခြင်းဆိုတဲ့ ကာမ တစ်ခုတည်းအတွက်မှ မဟုတ်တာ။ ဘဝနှစ်ခုကို နှစ်ယောက်အတူ ပုံဖေါ်ဖို့ ကိုယ်လျှောက်မယ့်လမ်းကို ရာသက်ပန် မိတ်ဖက်, လိုက်ဖ်ပါတနာ ဘဝအဖေါ် ရွေးကြတာပဲ မဟုတ်လား။ ဘဝအဖေါ်ဆိုတာ မိတ်ဆွေကောင်းလိုလည်း ဖြစ်နေဖို့လိုသလို, မိဘဆွေးမျိုးလိုလည်း နွေးထွေးကြရမယ်။ အတူလက််မတွဲခင်ကတည်းက မျက်ဝန်းအကြည့်တွေထဲကနေ ခွါပြီး စိတ်ချင်း ဆက်, စိတ်ကူးချင်း ညှိနှိုင်းကြရတာ။ ကြင်နာမှုတွေ အပြင်, နားလည်မှု နဲ့ အချင်းချင်းဖေးမ ကူညီခြင်းကသာ တကယ့် မေတ္တာတရားပါ။ ဘယ်လောက်ပဲ ချစ်ချစ်, ဒီလို အခြေခံသဘောတရားတွေကို ကြိုတင်မသိနိုင်ခဲ့ရင်, ကြိုတင် နားလည်အောင် မနေခဲ့ရင် ဘယ်လိုမှ မမြဲနိုင်ပါဘူး။ ဒါကြောင့် မိတ်ဆွေကောင်းကို ရှာသလို, စကားတွေ အများကြီးပြောကြည့်ရမယ်။ ချစ်ခြင်းနဲ့ မေတ္တာ ဗျည်းကွဲအောင်ကြိုးစားရမယ်။ လောကဓံဆိုတာ မိတ်ဆွေကောင်းတွေကို စစ်တဲ့ စာမေးပွဲတွေပါပဲ။ တကယ့်ဘဝကြင်ဖော်, တကယ့်မိတ်ဆွေဆိုတာ ဘယ်လိုပဲ လောကဓံလာလာ, ကိုယ်ဒုက္ခရောက်တိုင်း ကိုယ်ဘေးမှာ အမြဲရောက်နေတတ်သလို၊ ပျိုမျစ်နုနယ်တုန်းက အလှတရားတွေ ခန္ဓာကိုယ်အတွင်းထဲ ဝင်သွားတဲ့အခါမှာလည်း နှလုံးသားချင်း နာလည်စွာ ချစ်နေတတ်တဲ့သူတွေပါ။ မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် တကယ့်အလှဆိုတာ အတွင်းစိတ်လေးပါပဲ။ အတွင်းထဲကို မြင်အောင်ကြည့်နိုင်ဖို့ ဟိုတယ်ကို သွားဖို့ကြိုးစားတာထက် လောက ဓမ္မတွေ အကြောင်း, သူဘယ်လောက်သိသလဲ, သူ့အတွေး, သူ့အမြင် နဲ့ သူ့စိတ်ကူးတွေက တကယ့် သူ့စိတ်ရင်းကို ဖေါ်ပြနေသလားဆိုတာ သိနိုင်အောင် ကြိုးစားဖို့အရေးကြီးပါတယ်။
20
Feb
စကားစကား ပြောပါများတော့ စကားထဲက, ဇာတိပြ
February 20, 2024
One Min Read
279
Views
0
Comments
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024