ကလေးတွေနဲ့တွေ့တိုင်း စာစုံဖတ်ဖို့ ခဏခဏ တိုက်တွန်းဖြစ်တယ်။ ဘယ်လောက်ဘွဲ့တွေရရ, အပြင်စာမဖတ်ဘူးဆိုရင် တကယ့်ဘဝတွေထဲမှာ နဖူးတွေ့ဒူးတွေ့ တွေ့တဲ့ အခါ လိုချင်တဲ့ ခရီးမရောက်ဘဲ ရပ်တန့်သွားတတ်တယ်။ မိုက်ခရိုဆော့ဖ် ဂုရုကြီး ဘီလ်ဂိတ် က တစ်လကို စာအုပ် အနည်းဆုံး ၅ အုပ်လောက်ဖတ်သတဲ့။ Tesla ကုမ္ပဏီ တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မာစ်ခ် ကလည်း သူ့ဘဝကို ပြောင်းလဲ စေခဲ့တာ စာအုပ်တွေကြောင့်ပါတဲ့။ စာမဖတ်တဲ့သူဟာ ဘာပဲ လုပ်လုပ်, သူ့ အမြင် သူ့အတွေးခေါ်တွေဟာ အပျက်သဘော (negative) ပဲ ဆောင်နေတတ်တယ်။ စာအုပ်တွေဟာ စာရေးသူတစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံတွေ, အတွေးအခေါ် တွေကို ပေါင်းစု စီဖွဲ့ထားသလို, သူတို့ဆီက မတူတဲ့ အမြင်တွေ, မတူတဲ့ စဉ်းစားတွေးခေါ်မှုတွေကို ရစေတယ်။ ဒါ့အပြင် အကြောင်းအရာတစ်ခု ကို အသေးစိတ်တင်ပြမှု, ဆွေးနွေးမှု, သုတေသန ဆန်တဲ့ ကျမ်းစာလိုမျိုးတွေက အစ စနစ်တကျ ရေးဖွဲ့ထားကြလို့ စာဖတ်သူကို တိတိကျကျ ဗဟုသုတရစေတယ်။ ဆိုရှယ်မီဒီယာပေါ်က စာတွေဟာ အပေါ်ယံ ကောက်ကြောင်းကို ပဲ ဖတ်နိုင်လို့ စကားဝိုင်းတွေထဲကလိုပဲ သတင်းစကား သာသာပဲ ရတာပါ။ ဒါကြောင့် ငယ်ကတည်းက ကလေးတွေကို စာဖတ်ချင်စိတ်လေး ဖြစ်အောင် စာအုပ်လေးတွေ သူတို့ရှေ့မှာ စုပေးထားရမယ်။ နောက်ပိုင်းမှာ စာကြည့်တိုက်တွေ ကို သွားတတ်တဲ့ အကျင့်တွေ ဖန်တီးပေးရမယ်။ စာဖတ်ချင်စိတ်, စာဖတ်ဝါသနာ ဆိုတာ စာအုပ်လေးတွေကိုယ့်အနားမှာ အလွယ်တကူရှိနေမှ,အရင်ဆုံး လက်ကရောက်မှ အစပျိုးလို့လွယ်တာပါ။ ဘုရားစာရွတ်ဖို့တောင် ဘုရားနားရောက်မှ, ဒါတောင် အများစုက အမြန် ဦးကုန်းချပြီး ပြီးပြီးရော ပျင်းကြတာရှိသေးတယ် 🙂 ကောင်းတဲ့အလုပ်တွေဆိုတာ နည်းနည်းခက်ပါတယ်။ မွေးယူ ကျင့်ယူရတယ်။ ပတ်ဝန်းကျင်နဲ့လည်းဆိုင်လို့ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးဖို့လည်းလိုတယ်။ မြင်နေကျ, တွေ့နေကျမှ အများလုပ်တာ, အများအလေ့အထ ကို မှီပြီး လုပ်ဖြစ်သွားကြတာလာလည်းရှိတယ်။ ကောင်းတဲ့ အမူအကျင့်, အလေ့အထရှိတဲ့ ဝန်းကျင်မှာ နေရင်, ဥပမာ သန့်ပြန့်နေတဲ့ ဝန်းကျင်ရောက်ရင် ကိုယ်လည်း သန့်ရှင်းရေး နဲ့ တကိုယ်ရေ ကို ဂရုစိုက်တတ်လာမယ်။ တိုးတက်တာကို မြင်ရင် တိုးတက်တာကို အားကျမိ ကြ တာပါပဲ။ စာအုပ်တွေချည့်ဖတ်နေရမယ်လို့ မဆိုလိုပေမယ့်, စာအုပ်စာပေနဲ့ ယဉ်ကျေးတဲ့ လူ့ဝန်းကျင်မှာ နေတတ်ဖို့ ကိုယ်ကိုယ်တိုင်ရော, ကိုယ့်မိသားစု, ကိုယ်သားသမီးတွေရော အလေ့အထ ပြောင်းဖို့ကြိုးစားကြရမှာပါ။ ဒါမှသာ တစ်ဦးတစ်ယောက်ချင်းစီ မိသားစု တစ်စုချင်းစီက နေ မြင့်မားတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲ တည်ဆောက်နိုင်ပါလိမ့်မယ်။ ဆက်ပါအုံးမယ်.