ဒီလိုသာ ကျောင်းတွေ မနေရဘဲဖြစ်နေရင် ကလေးတွေ အသက်တွေကြီးပြီး အရွယ်လွန်ကုန်မှာစိုးတယ်ဆရာတဲ့။ စိတ်သိပ်မပူပါနဲ့။ သားငယ်သမီးငယ်တို့အတွက် ပညာရေးတွေရပ်တန့်နေချိန်မှာ အကောင်းဆုံးပြင်ဆင်ထားသင့်တာကတော့ မရှိမဖြစ် core subjects တွေဖြစ်တဲ့ အင်္ဂလိပ်စာ နဲ့ သင်္ချာ၊ ဒီနှစ်ဘာသာ ကို သေချာသင်ထားပါ။ ကျန်တာတွေအတွက် ဗဟုသုတဖြစ်စရာတွေပဲ စာဖတ်ခိုင်းပါ။အင်တာနက် မရှိရင်လည်း နီးစပ်ရာ ဆရာ၊ ဆရာမတွေ စုငှါးပြီး လေးငါးယောက်စုပြီးသင်ထားစေချင်တယ်။ အချိန်သိပ်မရွေးပါနဲ့။ အချိန်သိပ်မစောင့်ပါနဲ့။ အတန်းပညာတက်ရဖို့ထက်၊ ကလေးတွေ အတွက် စဉ်ဆက်မပြတ်သင်ယူလေ့လာနိုင်ဖို့က အရေးကြီးပါတယ်။ နောက်တစ်ခုက အရည်အချင်းပါ။ အရည်အချင်းကို ဉီးစားပေးပါ။ ဆန္ဒမစောပါနဲ့။ သင်္ခန်းစာပြီးဖို့ အဓိကမထားပါနဲ့။ အလွတ်ကျက်တာတွေ အားမပေးပါနဲ့။ စဉ်းစားဉာဏ်ကို ဉီးစားပေးပါ။ ဖြန့်ထွက်တွေးတတ်အောင် သင်ယူခိုင်းပါ။အရွယ်နဲ့ လေ့လာမှုက မျှတဖို့လိုပါတယ်။ ဥပမာ အသက် ၁၀ နှစ်ကလေးဆိုရင် ၁၀ နှစ်နဲ့ ညီတဲ့ Level အဆင့်ရှိနေရပါမယ်။ ဘာသာစကား၊ သင်္ချာဉာဏ်ရည် အရေးကြီးပါတယ်။ ပြီးတော့ အစောက ပြောသလို၊ ပြင်ပ ဗဟုသုတ စာပေစုံ ဖတ်မှတ်ခိုင်းပါ။ တချိန်မှာ ဖက်ဒရယ်ပညာရေး ဖြစ်လာရင် အတန်းပညာထက် အရည်အချင်းကို ဉီးစားပေးမယ့် standardization စံ သတ်မှတ်ချက် စာမေးပွဲလိုမျိုးတွေ အရွယ်ကို ကြည့်ပြီး စစ်တာမျိုး ဖြစ်လာလိမ့်မယ်။ ဥပမာ ကလေးက high school ပြီးတဲ့ အရွယ်ဆိုပါစို့။ ကောလိပ်တက်နိုင်ဖို့ အရည်အချင်းပြည့်မီမမီ ကို အောင်လက်မှတ်တောင်းပြီး ကြည့်စစ်တာမျိုးမဟုတ်တော့ဘဲ၊ college admission tests လိုမျိုး ဝင်ခွင့်စာမေးပွဲတွေ လာပါလိမ့်မယ်။ အစိုးရပညာရေး ဝန်ကြီးဌာနဆိုတာက အောင်လက်မှတ်ပေးတဲ့ အဖွဲ့အစည်းမဟုတ်တော့ဘဲ၊ ပဲ့ကိုင်ထိန်းရုံ လုပ်မယ့် အဖွဲ့အစည်းအနေနဲ့ပဲ ရှိတော့မှာပါ။စာမေးပွဲရာသီတွေ၊ intake ကျောင်းဖွင့်ချိန်တွေက တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် မတူနိုင်သလို၊ Awarding body တွေပေါ်မှာမူတည်ပြီး semester တွေ ကွဲပြားပါလိမ့်မယ်။ ကျောင်းတွေက ယခင်လို ဗဟိုချုပ်ကိုင်၊ ထိန်းချုပ်မှုမရှိတော့ဘဲ အရည်အချင်းစစ်၊ စံချိန်မီ မမီ စစ်ဆေးမယ့် အဖွဲ့အစည်းတွေနဲ့ အဆင့်သတ်မှတ်ချက်(ranking) ပေးမယ့်အဖွဲ့တွေ ပေါ်လာပါလိမ့်မယ်။ဒီအချိန်မှာ ကျောင်းတွေရွေးရတာလည်း တစ်ဘက်က ပိုလွယ်လာသလို၊ မိဘတွေဘက်က ပညာရေးကို စိတ်ကြိုက်ရွေးချယ်ခွင့်သာလာလိမ့်မယ်။လောလောဆယ်ကိုယ့်ဘက်က ပြင်ဆင်ထားရမှာက အတန်းပညာရေးထက် အရည်ချင်း ပြည့်မီအောင် ပဲ မိဘကိုယ်တိုင်က သေချာစူးစမ်းပြီး ကလေးကို အဆင့်လိုက် ပြင်ဆင်နိုင်အောင် စီစဉ်သင့်ပါတယ်။ တစ်ခုပဲ အကြံပေးချင်တာက စိတ်လောပြီး တတ်ချင်လွန်းအားကြီးပြီးကလေးကို မနိုင်မနင်း၊ တစ်ခုပြီးတစ်ခု၊ တစ်ချိန်ပြီး တစ်ချိန် အနားမပေးဘဲ သင်ယူနေတာမျိုး မလုပ်မိပါစေနဲ့။အိုးနဲ့ ဆန် တန်ရုံပဲကောင်းပါတယ်။ မှန်ကန်တဲ့ ပြုစုပျိုးထောင်မှုမျိုးက အရေးကြီးပါတယ်။ အပင်မြန်မြန်ကြီးချင် တာနဲ့ ခဏခဏ အဆက်မပြတ်ရေလောင်းနေလို့မှ မရတာ။ ဆက်ပါအုံးမယ်။