လွန်ခဲ့တဲ့လကပဲ ကိုယ်တွေ့အဖြစ်ပျက်လေး ရှိခဲ့ဖူးတယ်။ new year နှစ်သစ်မှာ ကျောင်းရက်ရှည် (၇)ရက် ပိတ်တာကို ကိုယ်က ဘာလို့ပိတ်ရသလဲ မမေးဘဲနဲ့ စိတ်ဆိုးဆိုးနဲ့ ကျောင်းရက်ရှည်ပိတ်တာကို ပယ်ဖျက်လိုက်တယ်။ ကိုယ်တွေကတော့ ဘာရယ်ဟုတ်ဘူး၊ ပိတ်နေကျ မဟုတ်တဲ့ အင်္ဂလိပ်နှစ်သစ်ကို ပိတ်ရကောင်းလားဆိုပြီး Admin တွေကို ကျိန်းလိုက်တာ။
အဲဒီမှာ ဇာတ်လမ်းက စတော့တာပဲ။
WORLD WAR 3 (တတိယကမ္ဘာစစ်) ဆိုပြီး ခေါင်းစဉ်နဲ့ သားတွေသမီးတွေက ညီညီညာညာနဲ့ ကျောင်း main hall ထဲ မှာ ဝိုင်းရေးတင်တယ်။
ကိုယ်က မနက်ကနေ ညအထိ သူတို့ Strike (ဆန္ဒ)ပြနေကြတာ မသိလိုက်ဘူး။ ကိုယ်က သတိမထားမိဘူးထင်တော့ ကိုယ့်ကိုယ်ပိုင်ဆိုရှယ်မီဒီယာပေါ်အထိ လာတင်ကြရော။
Year 3 (Grade 3) အရွယ် သားလေး သမီးလေးတွေကတောင် ” WE need Long Holidays” တဲ့ ပို့စ်တင်တဲ့သူကတင်တယ်။ အောက်မှာလည်း မရရင် ”တတိယကမ္ဘာစစ် ဖြစ်သွားမယ်”တွေဘာတွေနဲ့ အမလေး
သူ့တို့ကျောင်းသားတွေ ဆန္ဒပြတော့ ကိုယ့်ဆရာ, ဆရာမတွေကလည်း Teacher Group တွေထဲ ! important ဘာညာနဲ့ ဝိုင်း ရေးကြပြန်ရော။
ညရောက်တော့ တပည့်တစ်ယောက်က ဆရာကြီး ကျောင်း မိန်းဟော ထဲမှာရော အက်ဂျူဆိုရှယ်မှာရော ဆန္ဒပြနေကြပြီတဲ့။
ကိုယ်တောင် လန့်သွားတယ်။ သူတို့က ထောင်ကျော် အင်အားနဲ့ ဆိုတော့ ကဲကဲ .. ”Enjoy Long Holidays” လို့ ပြောလိုက်ကွာ ဆိုတော့မှ .. Yayy! တဲ့။
အများနဲ့တစ်ယောက်ဆိုတော့ ကိုယ်က တည်ထောင်သူဖြစ်ဖြစ်၊ ကျောင်းအုပ်ဖြစ်ဖြစ် အရှုံးပေးရတာပဲ။
ညီညွတ်မှုအားဆိုတာ ဘယ်လောက်အင်အားကြီးတဲ့ အရာဖြစ်ဖြစ် အနိုင်ယူနိုင်ဆိုတာ သမိုင်းမှာ သက်သေ သာဓကတွေ အများကြီးပါ။
နည်းနည်းညီညွတ်ရင် နည်းနည်းထူးခြားမယ်။ နည်းနည်းပြောင်းလဲမယ်။ အားလုံးပြောင်းလဲခြင်းရင် များများညီညွတ်၊ အားလုံးညီညွတ်ဖို့ပဲလိုတာပါ …