မိဘတိုင်းက သားသမီးတွေကို ရွှေပေါ်မြတင် ထားချင်ကြတာချည့်ပါ။ ကောင်းပေ့ညွန့်ပေ့ ဆိုတာတွေ ဘယ်သူမကြိုက်ဘဲနေမှာလဲ။ ဖြစ်နိုင်ရင် ယူကေ၊ ယူအက်စ် ကို ပို့ပြီး ကျောင်းတက်စေချင်ကြတဲ့သူချည့်ပဲ။ ပြောရရင် ကုန်းကောက်စရာမရှိတဲ့မိသားစုတွေကနေ နိုင်ငံတော် အုပ်ချုပ်နေတဲ့သူတွေအထိပေါ့။ ငါတို့မှာ ထားစရာမရှိ။ ထားနိုင်ပြန်တော့လည်း ကျောင်းကောင်းမရှိ စသဖြင့် ငြီးတွားကြတယ်။ တကယ်ထူးချွန်တဲ့သူတွေ အများစုက ရွှေပေါ်မြတင်မွေးလာကြတာ ရှားပါတယ်။ ပြည်တွင်းမှာရော၊ ကမ္ဘာမှာရော ငယ်စဉ်က ခက်ခက်ခဲခဲ ရုန်းကန်ပြီး ဘဝကို ထိပ်ဆုံးထိရောက်အောင် ဇွဲမလျှော့ဘဲ ကြိုးစားအောင်မြင်ခဲ့တဲ့သူတွေ အများကြီးပါ။ မရနိုင်တာတွေ မဖြစ်နိုင်တာတွေကို တမ်းတပြီး ဖြစ်နိုင်တာတွေ ဖြစ်သင့်တာတွေ မလုပ်မိရင် အရွယ်လွန်မှ နောင်တ ရတတ်ပါတယ်။ ရှိတာလေးနဲ့စလိုက်ပါ။ ရောက်နေတဲ့ ပတ်ဝန်းကျင်လေးမှာ ရတဲ့ ပညာတွေ ယူကြပါ။ လွယ်လွယ်နဲ့ရခဲ့ရင် တန်ဘိုးရှိတဲ့ ရတနာ မဖြစ်ပါဘူး။ ကိုယ့်သားသမီးကို အကြီးကြီးတွေ ဖြစ်အောင်ဆိုပြီး ဖိအားမပေးပါနဲ့။ ဗီဇဆိုတာ နဂိုကတည်းက သူ့ဘဝနဲ့သူ ရှိလာပြီးသားပါ။ ကိုယ်က လမ်းလေး တည့်မတ်ပေးရုံပါ။ ဆရာကောင်းတွေ ဆီရောက်အောင် လမ်းကြောင်းရှာပေးပါ။ လက်ဦးဆရာက မိဘဆိုတော့ ပတ်ဝန်းကျင်ကောင်းကို ရောက်အောင်ပို့ပေးရမှာက မိဘတာဝန်ပေါ့။ တစ်ခုပဲရှိတယ်။ ကလေးက ဇ လေးရှိတယ်။ တချို့မိဘတွေက စိတ်ပူလွန်းအားကြီးတယ်။ ဟိုဆို မလွတ်ချင်၊ ဒီဆို စိတ်မချ နဲ့ ဖြစ်တတ်တယ်။ တခါတခါ မိဘကြောင့် သားသမီးတွေ တက်လမ်းပိတ်နေတတ်တယ်။ သူ့ဘာသာ မှီခိုတတ်အောင်(self-dependence) အမှီအခိုကင်းတဲ့စိတ်ဖြစ်အောင် မွေးမြုရမယ်။ နိုင်ငံက လမ်းကြောင်းတွေ ပွင့်လာရင် အရှေ့အနောက် သင်ယူစရာတွေ၊အလုပ်အကိုင် အခွင့်လမ်းတွေ အများကြီးဖြစ်လာကြမှာ။ ကိုယ့်ဘက်က အခံလေးကောင်းအောင် ရှေ့ရေးကြိုမြင်ပြီး ပြင်ဆင်ထားဖို့ပဲလိုပါတယ်။ အစောကပြောသလို ကလေးငယ်တွေဆိုရင်ဘာသာစကား နဲ့ သင်္ချာ။ တက္ကသိုလ်အရွယ်ကလေးတွေဆိုရင် ဘာသာစကား နဲ့ အိုင်တီ စီးပွါးရေး လေးတွေ ကြိုလေ့လာထားရမယ်။ ခုလိုအခက်အခဲဆုံးအချိန်တွေမှာ ရသလိုနည်းနဲ့ ပန်းတိုင်ကို လှော်ခတ်ရင်း၊ တစ်ဘက်ကလည်း ကိုယ်ရည်သွေးနေဖို့လိုပါတယ်။ ပြောရရင် အဘိုးပြောသလို ချိုသွေးနေဖို့လိုပါတယ်။ ထီလေးထိုးပြီး ထီပေါက်မလားထိုင်စောင့်နေတာမျိုးမဟုတ်ဘဲ၊ ဘဝတွေ ကံကောင်းဖို့ အလုပ်ကောင်းကောင်းလုပ်ရင်း အမြဲတမ်းလေ့လာသင်ယူနေတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ကြိုးစားကြရမှာပါ။ ဆက်ပါအုံးမယ်။ ကျေးဇူးတင်ပါတယ်
20
Feb
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024