ပြည်တွင်းမှာနေရတဲ့သူတွေ အတွက် လောလောဆယ်ပညာသင်နေတယ်ဆိုရင် အသက်အရွယ်ကျော်သွားလည်း စိုးရိမ်စရာမရှိပါဘူး။
ဘယ်မှ မထွက်နိုင်တဲ့သူတွေ အတွက် အကောင်းဆုံးနည်းလမ်းရှိတယ်။ ကျောင်းသက်ရှည်အောင် မာစတာ, ပီအိပ်ချ်ဒီ တွေ အထိ ဆက်တက်နိုင်အောင်သင်ကြဖို့ပဲ ရှိတော့တာပေါ့။
ဖြစ်နိုင်ရင်တော့ အလယ်အလတ် မိသားစုအထက်နားကလူတွေကတော့ ကုန်ကျစရိတ်နည်းပြီး ဗီဇာလွယ်တဲ့ အနီးဆုံးနိုင်ငံတွေ ထွက်ခွါတာ ပိုပြီး safe ဖြစ်ပါလိမ့်မယ်။ ဟိုမှာ နေစရိတ်ရှိပြီး၊ ကျောင်းမထားနိုင်ရင်လည်း လက်ရှိတက်နေတဲ့ ကျောင်းသို့မဟုတ် ပြည်တွင်းက အွန်လိုင်းသင်တဲ့ကျောင်းတွေမှာ ဆက်တက်နေ လည်း ပြေပါတယ်။
နေရာသစ်ဆိုတာ ရုတ်တရက်တော့ ခက်ပေမယ့်၊ ဘယ်မှာ ဖြစ်ဖြစ် လုပ်စားကြရတာပါပဲ။ မြို့ကလူတွေက သာ ကုတ်ကုတ် ကုတ်ကုတ်နဲ့ စာလုပ်, ပညာသင်နေကြတာ၊ တောရွာကလူငယ် တွေက မလေး၊ ကိုးရီးယား၊ ဂျပန်ရောက်ကုန်ကြပြီ။ လောလောဆယ်တော့ သူတို့က အဟုတ်။
ချီတုံချတုံ လုပ်နေရင်တော့ ဗီဇာလည်းခက်, အပြင်ထွက်ဖို့ ပို ခက်ကြလိမ့်မယ်။
ကိုယ့်အလုပ်တွေရှိတဲ့သူတွေ အဝေးကနေ ထိန်းလုပ်လို့ရမယ့် စနစ်ကို ထားဖို့ အကြံပေးချင်ပါတယ်။ ခုခေတ်ကလွယ်ပါတယ်၊ အွန်လိုင်းစနစ်တွေရှိတဲ့အတွက်၊ မိုဘိုင်းအက်ပလီကေးရှင်းတွေ ကနေ တစ်ဆင့် ဆက်သွယ်တာ၊ ငွေလွှဲတာ၊ လက်ခံတာ လွယ်နေတာပဲ။ သူဌေးမမြင်ရဘဲ လည်ပတ်နေတဲ့လုပ်ငန်းတွေ အများကြီးပါ။
ပြည်ပမှာ ဘဏ်အကောင့်ဖွင့်၊ ငွေလှယ်ယူ၊ ဘဝသစ်တစ်ခု အတွက်၊ အထူးသဖြင့် သားသမီးတွေရဲ့ ရှေ့ရေးအတွက် ကိုယ်တိုင်က စွန့်စားသင့် စွန့်စားရမှာပါ။ တတ်နိုင်တဲ့သူတွေကိုပြောတာပါ။
အားလုံးဘေးကင်းလုံခြုံကြပါစေ၊ လိုရာ ခရီးအမြန်ရောက်ကြပါစေ။