ဒီကာလမှာ နာမည်ကြီးကိုယ်ပိုင်ကျောင်းကြီးတွေ ရပ်နားထားကြတာများတော့ အထူးသဖြင့်နယ်မှာ ရှိတဲ့ မိဘတွေက IGCSE နဲ့ GED ပိုင်းကို ပိုစိတ်ဝင်တစားမေးလာကြတယ်။ IGCSE သို့မဟုတ် GED ပြီးရင် နိုင်ငံတကာ ကျောင်းတက်နိုင်တဲ့သူ ရှိသလို၊ တစ်နှစ်ကို ဒေါ်လာ တစ်သောင်း (ခုဆို သိန်း ၄၀၀ ဝန်းကျင်) ၊ နှစ်သောင်းကုန်ဖို့ မပြောနဲ့ ပြည်တွင်း တစ်နှစ်ကို ဒေါ်လာ တစ်ထောင် နှစ်ထောင်တောင် မနည်းဖြစ်ညစ် ရုန်းကန်နေရတဲ့ မိဘတွေအတွက် တော့ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေကို ထားဖို့ဆိုတာ စိတ်ကူးယဉ် အိပ်မက်တောင် မမက်ဖူးကြတဲ့သူ များပါတယ်။ ဒီတော့ မြန်မာဆယ်တန်း ရွေးချယ်စရာခက်ခဲလာတဲ့အခါ နယ်က မိဘတွေ အစိုးရိမ်ဆုံးနဲ့ အမေးများဆုံးက IGCSE တို့ဘာတို့ တက်ချင်ပေမယ့် ပြည်ပ မသွားဘဲ မြန်မာပြည်ကျောင်းဆက်တက်ပြီးယူလို့ရမလား ဆိုတဲ့ မေးခွန်းက အများဆုံး။ အထူးသဖြင့် မတတ်နိုင်တဲ့မိဘတွေ အတွက် နှစ်ပိုင်း ခွဲပြောပါမယ်။ ပထမ နည်းက IGCSE or GED ပြီးရင်၊ IELTS ပါ ပြင်ရပါလိမ့်မယ်။ နှစ်ခုလုံး အမှတ်ကောင်း (Grading/Band Score) ကောင်းတယ်ဆိုရင် ရနိုင်ချေများတဲ့ နိုင်ငံတကာ စကော်လာတွေ ကြိုးစားလျှောက်ရပါမယ်။ မလွယ်ပေမယ့် ဇွဲရှိတဲ့သူအတွက် ကြိုးစားတဲ့သူအတွက် အထူးသဖြင့် ပြင်ပ knowledge နဲ့ အတွေ့အကြုံတွေ ပေါင်းစပ်နိုင်တဲ့ လူငယ်တွေအတွက် အခွင့်အရေးများပါတယ်။ ဒီခေတ်က Google နဲ့ YouTube မှာ အခမဲ့ကို အကြံပေးနေတဲ့ Consultancy ဆားဗစ်တွေ အများကြီးပါ။ နိုင်ငံတကာက ဘယ်တက္ကသိုလ်ကြီးတွေမဆို လိုအပ်တဲ့ Required Documents မသိတာ ရှိရင် တိုက်ရိုက်မေးလ်ပို့လို့ရပါတယ်။ (သူတို့ ကို ဖြေချင်လွန်းလို့ ဒီအတိုင်းတောင် မေးလ်သိတာနဲ့ ခဏခဏပို့နေတဲ့ဟာတွေ) ဒါသူတို့ရဲ့ မာကက်တင်းပဲ။ — IGCSE သို့မဟုတ် GED ပြီးရင် ဒုတိယနည်းက ပြည်တွင်းမှာ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ချိတ်ထားတဲ့ ကျောင်းတွေ ခုခေတ်မှာ အများကြီးရှိပါတယ်။ သိန်း ၃၀ လောက်နေ စပြီး တက်လို့ရတဲ့ ဒီပလိုမာတန်းတွေ၊ ပထမနှစ်ကနေ ဖိုင်နယ်ဘွဲ့ရတဲ့အထိ နိုင်ငံတကာ ကျောင်းတွေဆီက ဘွဲ့တွေကို လှမ်းယူနိုင်ပါတယ်။ သို့မဟုတ် မြန်မာပြည်က ပထမနှစ်ပြီးပြီး၊ ဒုတိယနှစ်ပြီးပြီး ဟိုဘက်ကို တတိယနှစ် ဆက်ကူးနိုင်တဲ့ Pathway တွေ သေချာမေးမြန်လေ့လာပြီး ကျောင်းအပ်စေချင်ပါတယ်။ — ပြန်ပြောရရင် အစိုးရပ့ညာရေး မရွေးချင်တော့တဲ့ နယ်က မိဘတွေ အနေနဲ့ IGCSE နဲ့ GED ဘယ်ဟာရွေးရမလဲ မေးရင် တက်လက်စ အစိုးရကျောင်းဘက်က Grade ပေါ်မူတည်ပြီး အသက်အရွယ်နဲ့ ကိုက်ညီမဲ့ Pre-IGCSE, IGCSE ပဲ ရွေးပါလို့ တိုက်တွန်းပါရစေ။ အကယ်၍ အစိုးရကျောင်းဘက်မှာ တက်လက်စမဟုတ်ဘဲ ကိုဗစ်ကတည်းက ရပ်နားထားခဲ့ရင် (အသက်အရွယ်ကလည်း ၁၆-၁၇ ) ရောက်နေတယ်ဆိုရင် GED ရွေးနိုင်ပါတယ်။ ဆိုလိုတာက ဥပမာ ကိုယ့်ကလေးက အစိုးရကျောင်းဘက်မှာ စနစ်ဟောင်း Grade 6 လောက်နဲ့ ရပ်နားထားခဲ့ရင် ခုမှ ကျောင်းဘက်ကို ပြန် Join တယ်ဆိုရင် GED လိုမျိုးက ပိုအဆင်ပြေနိုင်ပါတယ်။ — IGCSE မှာ O level (Year 10-11) နဲ့ A Level (Year 12-13) ဆိုပြီး ရှိပါတယ်။ IGCSE O’ level ပြီးရင် တချို့တက္ကသိုလ်တွေက လက်ခံပေမယ့် Ranking မြင့်တဲ့ကျောင်းတွေကတော့ လက်ခံဖို့ခက်ပါတယ်။ စိတ်ချရတာကတော့ IGCSE A’ level (OR) GAC(USA) ဒါမှ မဟုတ် OSSD (Canada) လိုမျိုး ပြီးထားရင် နာမည်ကြီးကျောင်းကြီးတွေအထိ စိတ်ကူးယဉ်လို့ရပါတယ်။ GED ကတော့ ယူအက်စ်မှာ ကောလိပ် တော်တော်များများက လက်ခံပါတယ်။ တက္ကသိုလ် တိုက်ရိုက်တက်နိုင်ဖို့ကတော့ အစောကပြောတဲ့ A Level သို့မဟုတ် OSSD လိုမျိုး High School Diploma ရထားမှ စိတ်ချရပါတယ်။ ဆက်ပါအုံးမယ်။