လိုက်ဆို … ‘’သဝေထိုးကကြီးယပင့်ကျေ- ဝစ္စံနှစ်လုံးပေါက် ကျေး’’ ‘’သဝေထိုး..ရေးချာ..ကျေး…’’ ရေးချာ မပါဘူးဆိုကွာ.. ယပင့်ကျေးပါဆိုမှပဲ…ပြန်ဆို… ‘’သဝေ… ထိုး …. ယပင့်….ကျေး ….’’ 😀 အသက် ၇ နှစ်ဝန်းကျင်လောက်ရှိမယ်ထင်တဲ့ အရွယ်တူ ကိုရင်လေးနှစ်ပါး အချင်းချင်း စာသင် စာသင်နေတာကြည့်ပြီး အူတက်အောင်ရယ်နေမိတယ်။ တချို့ကလည်း ဘယ်လောက်သင်သင် မျက်ပေတုံး, ဥာဏ်ပေတုံး။ စာသင်ဆရာတိုင်း တွေ့ဖူးကြလိမ့်မယ်။ ဆရာတွေ လက်မြှောက်အရှုံးပေးကြရတဲ့ သူတွေ။ ပုံမှန် အလယ်အလတ် ဥာဏ် ကောင်း တဲ့ကလေးကို တစ်ခေါက်သင်လို့နားလည်ရင် အဲလိုကလေးမျိုးကို လေးငါးကြိမ်လောက်စိတ်ရှည်ရှည်သင်ပေးကြရတယ်။ ဒါတောင် တီးမိခေါက်မိရုံ။ တပည့်တစ်ယောက်တွေ့ဖူးတယ်။ သူများတွေ တစ်နှစ်လောက်ကိုယ့်ဆီမှာနေတာနဲ့ နည်းပညာ ပိုင်းအကုန်လုံးလိုလိုရသွားကြတယ်။ အဲဒီတစ်ယောက်ကတော့ ၄ နှစ်လောက် နေသွားရှာတယ်။ ဒါပေမယ့် သူက နေပါများတော့ အ င်္ဂလိပ်လိုသာ ဘာသာမပြန်တတ်မယ်, ကိုယ်သင်ထားတဲ့အကြောင်းရာတိုင်းကို နှုတ်တိုက် အလွတ်ရသလို ရသွားတယ်။ ဥာဏ်မကောင်းပေမယ့် ဇွဲကောင်းတဲ့ ကလေးတွေဆိုရင်လည်း သူများထက် နောက်ကျချင်ကျမယ်, ပန်းတိုင်ကိုတော့ ရောက်ကြတာပါပဲ။ ကိုယ့်ကလေးက ဥာဏ်နုံနဲ့တယ်ဆိုပြီးပစ်မထားသင့်သလို, ဖိငေါက် ပြီး ကလေးရဲ့ စိတ်နုနုလေးကို တသက်လုံးသိမ်ငယ်သွားအောင် မလုပ်သင့်။ အဲလိုကလေးမျိုးကို စိတ်ရှည်ရှည်နဲ့ သူမှတ်လွယ်မယ့် သင်ယူလွယ်မယ့်နည်းလမ်းမျိုး ကြိုးစားသင့်တယ်။ ‘ အရင်ကလည်းရေးဖူးပါတယ်။ ကလေးတွေမှာ မတူတဲ့ ဉာဏ်ရည်တွေရှိကြတယ်။ ၁) င်္သချာနဲ့ logic ပိုင်းကောင်းတာလားGood at Math လား, ၂) ဘာသာစကားကောင်းတာလား Good with Words လား, ၃) ပန်ချီလိုမျိုး ပုံရိပ်တွေကို အလွယ်တကူမှတ်နိုင်, ဆွဲနိုင်, ပြောပြနိုင်တဲ့သူလား Good with Picture လား, ၄) ဂီတ, အနုပညာပိုင်းမှာ လား, Good at Music လား, ၅) လူတွေနဲ့ဆက်ဆံရေးကောင်းတာလား Good with People and Communication လား, ဒါမှ မဟုတ် Self-smart လား, nature smart လား. ၆) Self-smart ဖြစ်ဖို့ကလည်း သိပ်အရေးကြီးတယ်။ သူများကို ခေါင်းဆောင်ဖို့က ကိုယ်ကိုယ်တိုင်ကလည်း တည်ငြိမ်ဖို့, emotional ကိုထိန်းနိုင်ဖို့ နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်နိုင်စွမ်းအတွက် အထောက်ပံဖြစ်တယ်။ ၇) Nature Smart ဆိုတာကလည်း သဘာဝကို ချစ်တာ, သဘာဝနဲ့ပါတ်သက်တာတွေကို ခံစားတတ်တာ, ပတ်ဝန်းကျင် နဲ့သဘာဝတရားတွေ မှာ လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ထူးကဲ့တဲ့ အရည်အချင်းမျိုးတွေ – ဒီအကြောင်းတွေ အသေးစိတ်ရေးဖူးပါတယ်။ တချို့က ကျောင်းစာမှ မတော်ပေမယ့် အပြင်လောကမှာ အသက်မွေးပညာတစ်ခုခုနဲ့ အဆင်ပြေပြေ သွားနိင်တာတွေ အများကြီးပါ။ စာတစ်လုံးမှ မတတ်တာနဲ့ စားဝတ်နေရေး မပြေလည်နိုင်ဘူးလို့ တစ်ထစ်ချ သတ်မှတ်လို့မရသလို, လူညွှန့်တုံးတယ်လို့လည်း ဘယ်သူမှ မသတ်မှတ်နိုင်ပါဘူး။ တချို့က လက်မှုပညာမှာကောင်းတယ်, တချို့က စာပေမှာကောင်းတယ်, တချို့က သိပ္ပပညာ မှာ တော်တယ်။ တချို့က လူမှု့ဆက်ဆံရေးမှာ သိပ်ကောင်းတယ်။ ကလေးက ဘာကောင်းသလဲ, ဘယ်အပိုင်းအားသန်လဲ လက်ဦးဆရာမိဘက လေ့လာရမယ်။ တကယ်တော့ ကလေးတိုင်းမှာ သူ့ဗီဇ, သူ့ပါရမီ ဓါတ်ခံနဲ့သူ ဘဝထဲဝင်လာကြတာချည့်ပါ။ ကိုယ်က မှန်ကန်တဲ့ လမ်းလေး တည့်မတ်ပေးတတ်ရင် လျှမ်းလျှမ်းတောက်အောင်မြင်ဖို့ထက်, ပျော်စရာဘဝတစ်ခုကို ဖန်တီးနိုင်ပါလိမ့်မယ်။ ဆက်ပါအုံးမယ်။