မာန နဲ့ ဒေါသ ဟာ သံချေးနဲ့ဓါး လိုပဲ လူတွေကိုပျက်စီးစေတယ်။ လူဆိုတာ ခက်သားလား။ မရှိရင်လည်း မရှိတဲ့ မာနလေးနဲ့ သုံည လေး ထမ်းပြီး မာနပြတတ်ကြတယ်။ ကိုယ့်ကိုချိုးနှိမ်တာ, ကိုယ့်ကိုကျော တာကို ခါးသည်းစွာ ဒေါသဖြစ်တတ်ကြတယ်။ ဒါကပဲ ကိုယ်သွားနေတဲ့လမ်းကို တွန့်ဆုတ်ရပ်ဆိုင်းစေသလို, တခါတခါ ဒီထက်ပိုဆိုးစွာ မထင်မှတ်တဲ့ အဆိုးတွေ ဆက်တိုက်ဖြစ်လာတတ်တာကို ဆင်ခြင် သတိထားဖို့လိုပါတယ်။ ပညာတွေသင်ယူနေတဲ့ အခါ အတွေ့အကြုံတွေယူနေရတဲ့အခါ မာနကို အပြီးဖျောက်ထားသင့်သလို၊ ဇာတ်ခုံပေါ်က မင်းသားမင်းသမီးတွေလို သရုပ်ဆောင်နေရတာပဲလို့တွေးတတ်ရင် ဘာမှ မာနထားစရာ, ဖြစ်စရာမရှိပါဘူး။ ကိုယ် လိုချင်တဲ့နေရာ, ပန်းတိုင်မရောက်မချင်း သည်းခံသင်ယူရင်း ရတဲ့နေရာ, အခြေအနေ ပေးတဲ့ပေါမှာ မူတည်ပြီး၊ မာန နဲ့ ဒေါသကို သုံည အထိ ချထားဖို့ လိုပါလိ့မ်မယ်။ တချို့ညီငယ်ညီမငယ်တွေကိုတွေ့ဖူးတယ်။ ပညာတွေကောင်းတယ်။ အိုက်ဒီယာတွေလည်း မြှောက်တယ်။ ဒါပေမယ့် အများစုက သည်းခံမှုအားနည်းတယ်။ မလိုတဲ့မာနတွေ နဲ့ ပူပေါင်းလုပ်သူတွေအပေါ်မှာဆက်ဆံတတ်သလို၊ ပရိုတိုကော (အဆင့်လိုက် အုပ်ချုပ်မှု)တွေပေါ်မှာလည်း နားလည်မှုအားနည်းကြတယ်။ တချို့ဆို ကိုယ့်ဘက်က မေတ္တာမပျက်ပေမယ့် နှမြောစွာ လက်တွဲဖြုတ်ခဲ့ရတယ်။ သူတို့က သူတို့မှန်တယ်ထင်ကြတာပေါ။ အရွယ်ကငယ်နေသေးတော့ ကိုယ်တွေငယ် ဘဝ လိုပဲ ဘာဖြစ်လဲ အိမ်မှာလည်း စားရတာပဲ သူ့အလုပ်လုပ်မှ မဟုတ်ဘူးပေါ့။ မာနနဲ့ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်ကြတယ်။ ဒေါသနဲ့ လူ့အသိုင်းဝိုင်းကို မျက်နှာလွှဲပစ်ကြတယ်။ တခါတခါ ဘာမဟုတ်တဲ့ပြဿနာနဲ့ပဲ ကွဲကြပြဲကြနဲ့ ခံစားမှုနဲ့ဆုံးဖြတ်ရင်း အကျည်းတန် သွားရတယ်။ လူဆိုတာမှားတတ်တာပဲ။ ဒါပေမယ့် သံသရာနစ်စေမယ့်အမှားမျိုးကတော့ ရှောင်ကြရမှာပါ။ တစ်သက်လုံးကြိုးစားလာပြီးမှ သည်းမခံနိုင်တဲ့ မလိုလားအပ်တဲ့ ဒေါသတစ်ခုကြောင့် မှားတတ်ကြတဲ့ အမှားမျိုးတွေဟာ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်သွားရတယ်။ ဒါတွေကို သည်းခံနိုင်ရင် နတ်ပြည်တွေနိဗ္ဗာန်တွေခဏထား, လတ်တလော လူ့ချမ်းသာကိုပါ သေချာပေါက် ရမှာပါ။ ဆက်ပါအုံးမယ်။