အာရုံလေး တစ်ခုမှားတာနဲ့၊ စိတ်ကူးလေး တစ်ခု လွဲလိုက်တာနဲ့ တခါတခါ ဘဝ တစ်ခုတင် မကဘဲ သံသရာအထိ စူးနစ်သွားတတ်တယ် တဲ့။ စိတ်ကို အလိုလိုက်မိတဲ့ အခါဖြစ်ဖြစ်၊ လောဘတွေ ဒေါသတွေ နဲ့ လောင်မြိုက်ပြီး ဖြစ်ချင်ဇောတွေ နဲ့ ဇွတ် အဓမ္မ လုပ်မိကြတဲ့အခါပဲ ဖြစ်ဖြစ်၊ ကြည့်မရလို့, မုန်းလွန်းလို့ ဆိုပြီး တုံ့ပြန်မိတဲ့ အခါပဲ ဖြစ်ဖြစ် အမှတ်တမဲ့ဆိုပေမယ့် အဆိုးသံသရာမှာ ကပ်ကမ္ဘာနဲ့ချီပြီး နှုတ်မရတဲ့ဆူးလို လိုက်စူးနေတတ်တယ်။ ပုထုဇဉ်ဆိုတာ စိတ်က မျောက်လိုပဲ၊ ဂဏာမငြိမ်။ ရှုးခနဲ ဆို လွတ်ထွက်သွားပြီး၊ လုပ်မိလုပ်ရာ လုပ်တတ်ကြတယ်။ ချစ်ခြင်းမှ မဟုတ်ဘူး၊ မုန်းခြင်းဟာလည်း သံယောဇဉ်တစ်မျိုးတဲ့။ မုန်းနေ, အမြင်ကပ်နေတဲ့သူကိုလည်း ကိုယ့်စိတ်အာရုံကနေ ဖယ်ပစ်ဖို့ခက်သလို၊ မသိစိတ်မှာ အမြဲလွှမ်းမိုးထားလို့ စိတ်ကို မှိုင်းတိုက်ခံထားရသလို မှုန်ဝါးညစ်ညူးစေတယ်လေ။ ဒါကိုက ကိုယ့်စိတ်နဲ့ခန္ဓာကိုယ်ကို သူတို့ချုပ်ကိုင်သွားတာပါပဲ။ အချစ်လွန်, အမုန်းလွန်, ဘယ်အလွန်မှ မကောင်း။ လွန်ခြင်းဟာ ကင်ဆာလို ကုရခဲ့သလို အဆိုးသံသရာကို ပိုလို့ရှည်စေတယ်။ ဒါတွေကို မေတ္တာ များများပွါးခြင်းကသာ ဆေးကြောနိုင်တယ်။ မေတ္တာ နဲ့သာ အစားထိုးကုလို့ရသတဲ့။ တကယ်တော့ မေတ္တာထားနိုင်ဖို့ခက်ပေမယ့်, ကျင့်ပါများရင် လျော့ရဲပျော့ကျနေတဲ့ ခန္ဓာကိုယ်တောင် လှပ တောင့်တင်းအောင် လုပ်နိုင်သေးတာပဲ။ စိတ်ကိုလည်း မေတ္တာနဲ့လေ့ကျင့်တာ၊ ခန္ဓာကိုယ်ကို ငြိမ်သက်အောင် ထားပြီး ကိုယ့်စိတ်ကို ပြန်ကြည့်တာ(တရားထိုင်တာ) မျိုး စိတ်ကို ဖမ်းချုပ်ရင်း လေ့ကျင့်ကြရတယ်။ မကောင်းတဲ့စိတ်, မကောင်းတဲ့အာရုံ တွေဆိုတာ ပတ်ဝန်းကျင် ကြောင့်ဖြစ်ကြရတဲ့ အတွက်၊ ပတ်ဝန်းကျင်ကောင်းဆိုတာ သိပ်အရေးကြီးလှတယ်။ မိတ်ကောင်းဆွေကောင်းနဲ့ နေထိုင်ရခြင်းဟာလည်း ကောင်းမွန်တဲ့ စိတ်ကို ပဲ့ကိုင်ထိန်းကျောင်းခြင်း တစ်မျိုးပါပဲ။ အကျင့်ဆိုးတဲ့ ပတ်ဝန်းကျင် မှာနေပါများရင် မီးလိုပဲ အပူဟပ်သတဲ့။ လူဆိုတာ လုပ်ရှားရွေ့လျားရုန်းကန်ရတဲ့သတ္တဝါ ဖြစ်လို့၊ ရလာတဲ့ လူ့ဘဝမှာ တန်ဘိုး ရှိရှိ နဲ့ အချိန်ကုန်ခြင်းဟာ လည်း လက်ရှိဘဝမှာ စိတ်ချမ်းချမ်းသာသာနဲ့ နေသွားရသလို မမြင်ရတဲ့ လာမယ့်ဘဝ သံသရာအတွက်လည်း စိတ်အေးရမယ်။ မုန်းခြင်း, မနာလိုခြင်း, အတ္တကြီးခြင်း, ဒေါသကြီးခြင်း, ကြမ်းတမ်း ရိုင်းစိုင်းခြင်း ဆိုတဲ့ စိတ်(စိတ်ညစ်၊ စိတ်ဆိုး) တွေ နဲ့ အချိန်ကုန်နေရင် ကြောက်စရာကောင်းတဲ့ ဘဝတွေထဲ ကိုယ်ရောက်နေပြီဆိုတာ သတိထားစေချင်တယ်။ နောင်ဘဝ (သံသရာ) မယုံရင် တောင် ပစ္စုပ္ပန်အကျိုးမှာတင်ပဲ စိတ်သောကတွေနဲ့ ဒုက္ခမျိုးစုံ ခံစားသွားရတာချည့်ပါ။ လူချမ်းသာချင်ရင် စိတ်ကို အရင်ပြင်တဲ့။ အလိုလောဘနည်းတဲ့ ချစ်ခြင်း မေတ္တာတွေနဲ့ ထုံမွန်းနေအောင်လေ့ကျင့်နိုင်လေ၊ လောကကြီး က အလိုလို လှပ အေးချမ်းသာယာလာလေလေ ပါပဲ။
20
Feb
လူချမ်းသာချင်ရင် စိတ်ကို အရင်ပြင်
February 20, 2024
One Min Read
159
Views
0
Comments
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024