အများအတွက်ဖြစ်ဖြစ်၊ ကိုယ့်အတွက်ဖြစ်ဖြစ် ဘဝတစ်ခု ရှင်သန်ဖို့က အရေးကြီးသလို၊ ဘယ်နေရာရောက်ရောက် လူစိတ်ရှိဖို့အရေးကြီးတယ်။
ခုခေတ်က ကမ္ဘာသူကမ္ဘာသား ဖြစ်သွားပြီ။ အရှေ့တွေ အနောက်တွေ၊ ဘာလူမျိုး၊ ညာလူမျိုး ရယ် ခွဲခြားမရတော့ဘူး။ ဒီမြေကမ္ဘာကြီး ဘယ်လောက်ကျယ်ကျယ် လူသားတွေကပဲ နည်းပညာအထူးဆန်းတွေနဲ့ ချုံ့ ပစ်နိုင်ခဲ့ကြသလို၊ ပညာအမြော်အမြင်ရှိတဲ့သူတွေက သူ့တို့လုပ်ငန်းတွေကို အရှေ့အနောက်၊ တောင်မြောက် အစွမ်းရှိသလောက် ခြေဆန့်လာကြတယ်။
ဥပမာ စတားဘတ်ခ် ကော်ဖီ ၊ ကေအက်ဖ်စီ ကြက်ကြော်၊ မက်ခ်ဒါနော် ဘာဂါ၊ အိပ်ချ်အန်အမ် ဖက်ရှင်စတိုး တို့ကို ကြည့်လိုက် နိုင်ငံ အများကြီး, နေရာ အများကြီးမှာ ရှိကြတယ်။ အရှေ့ဂျပန်က တိုယိုတာ ကားတွေကို အနောက်ဥရောပသားတွေက ဝယ်စီးကြသလို၊ အနောက် က မာစီဒီး, ဘီအမ်ဒဗလျူတို့ကို အရှေ့အာရှသားတွက တမြတ်တနိုးဝယ်စီးကြတယ်။
အရှေ့ကလူတေက အနောက်ကို ခြေဆန့် အခြေချကြသလို၊ အနောက်ကလူတွေကလည်း အရှေ့ကို စီးပွါးလာရှာကြတယ်။ အနီးစပ်ဆုံးပြောရရင် ကိုယ်တွေ ရွှေခေတ်တုန်းက စင်ကပူရီယန်းတွေ ကိုယ့်ဆီ လာပြီး အလုပ်လုပ်ကြ, ငွေရှာကြ၊ ပညာသင်ကြ၊ နေထိုင်ခဲ့ကြတယ်၊ ခု.. ကိုယ်တွေ ရွှေမြန်မာတွေက ရွှေပျောက်ပြီး သူရို့ဆီမှာ အလုပ်ရှာ၊ ကျောင်းထား၊ နေထိုင်ဖို့ ကြိုစားနေကြရတယ်မဟုတ်လား။
ကမ္ဘာကြီးက ရွာကြီးလို ဟိုရွာကူးဒီရွာကူး နဲ့ ရေကြည်ရာ မြက်နုဆိုသလို အဆင်ပြေရာ အသက်မွေးရင်း ဘဝတွေ ရှင်သန်ကြရတာ နဲ့ ပဲ ဘဝမေ့တယ်လို့မှ ပြောလို့မရတာ။
non-immigrant ဆိုတာ Visitor (အလည်ပတ်)လာတဲ့သူတွေကို ညွှန်းပြီး၊ immigrant ဆိုတာ resident အဖြစ် (နိုင်ငံသားအဖြစ်) settle (အခြေချ) နေထိုင်မယ့်သူကို ညွှန်းပါတယ်။
နိုင်ငံတွေ အလိုက် ဥပဒေတွေ အမျိုးမျိုးရှိပေမယ့်၊ အများစုက ပညာရှင်၊ ကျွမ်းကျင်သူ, လုပ်ငန်းရှင် (Professional, Skilled-worker, Entrepreneure) တွေဆိုရင် ဘယ်နိုင်ငံက ဖြစ်ဖြစ် နွေးထွေးစွာ ကြိုဆိုပြီးသားပါ။
ကိုယ့်ဘက် က ဘယ်အပိုင်း ဘယ်လိုကျွမ်းတယ်၊ ဘာတွေ တတ်မြောက်ထားတယ်၊အတွေ့အကြုံဘယ်လိုရှိတယ်၊ လုပ်ငန်းရှိတယ်သူဆိုရင်လည်း ဘယ်လို ဝင်ငွေနဲ့ ဘယ်လို ရင်းနှီးမြုပ်နှံမှုတွေလုပ်ထားတယ်ဆိုတာ အထောက်ထား ခိုင်ခိုင်မာမာပြနိုင်ရင် အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ၊ ဩဇီ ဘယ်နိုင်ငံဖြစ်ဖြစ် welcome ပါပဲ။
စာတော်တဲ့ ကျောင်းသားတွေဆိုလည်း ကိုယ်ရခဲ့တဲ ပညာရေး မှတ်တမ်းတွေ၊ ပြီးခဲ့တာတွေ စာရွက်စာတမ်းပြည့်ပြည်စုံစုံနဲ့ ကိုယ်တိုင်က တကယ် အရည်အချင်းရှိနေရင် ကြိုက်ရာရွေးပြီး လျှောက်ရုံပါပဲ။
တစ်ခုတော့ ရှိတယ် ဘာကိုမှ လွယ်လွယ်မရဘူးဆိုတာရယ်၊ ဘယ်ကိုသွားသွား ဘယ်မှာနေနေ ကိုယ့်အိမ်လိုတော့ နေလို့မရဘူးဆိုတာ သိထားဖိုလိုပါတယ်။ ဘဝကို စမယ့်သူ, အလုပ်လုပ်မယ့်သူဆိုရင် ကိုယ်တိုင် မီးဖိုချောင်ဝင်၊ ကိုယ်တိုင် အိမ်သန့်ရှင်းရေးလုပ်၊ ကိုယ်တိုင် ချက်ပြုပ်၊ ကိုယ်တိုင် နေရာတိုင်း တပည့်မရှိဘူးဆိုတာ နားလည်ထားဖို့အရေးကြီးပါတယ်။
မြန်မာပြည်မှာ ဘယ်လောက်ချမ်းသာသာ၊ ဘယ်လိုနေခဲ့နေခဲ့ ပြည်ပမှာ လူတိုင်း အရွယ်တိုင်း ကိုယ့်အလုပ်ကို လုပ်ကြရတာပါ။ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူးဆိုပေမယ့်၊ လူပီသတာ၊ လူလိုနားလည်တာ၊ လူ့စည့်ကမ်းရှိတာ၊ လူသားချင်းစာနာတာ၊ အဆုံးစွန် တိရစ္ဆာန်လေးတွေက အစ မညှင်းပမ်း မနှိပ်စက်ရတဲ့နိုင်ငံတွေ ဖြစ်ကြတဲ့အတွက် အေးချမ်းသလား၊ လုံခြုံသလားလို့ကို မေးစရာကို မလိုတာပါ။
ကုန်ကုန်ပြောရရင်, အေးချမ်းတဲ့ အရပ်ဆိုတာ … လူသားချင်းစာနာပြီး နိုင်ငံမခွဲတဲ့, လူမျိုးမခွဲတဲ့, လူသားပီသတဲ့သူတွေ ရှိတဲ့အရပ်ပါပဲ။