၆ နှစ် အရွယ် သမီးငယ်က ဆဲတယ် ဆိုတာ ဘာလဲ တဲ့။ ဘယ်လို စကားမျိုးလဲ တဲ့။ ဘာအဓိပ္ပါယ်လဲတဲ့။ကိုယ်ငယ်ကတည်းက အဘိုးတွေ အဘွားတွေက အဆဲမသင်ပေးသလို, ကြမ်းတမ်းစကားမျိုးကို လူကြားထဲ အဝတ်ဗလာ နဲ့သွားရမှာမျိုး ကြောက်သလို ရှက်ခဲ့တယ်။ နှုတ်က တခါမှ မထွက်ဘူးသလို, တခါတခါ စိတ်တိုရင် တောင် “ ခွီးမှ ပဲ, မင့်အမေ ကြီးလာ ကွ “ တောက် ခေါက်ရုံလောက်ပဲ ဆိုတော့ အိမ်က သားတို့သမီးတို့က အဆဲဆိုတဲ့ စကား မသိ။ တကယ်တော့ မိဘက အခရာပါ။ ကိုယ်ကလေးကို ကိုယ်ကိုယ်တိုင်က ကြမ်းတမ်းတဲ့ စကားမျိုးပြောတတ်ရင် သူတို့က အနားက မိဘ အကြီးအကဲတွေရဲ့ ဟန်အမူအရာကို ကြည့်နေတတ်, အတုခိုးတတ်လို့ သူတို့အတွက် မထူးဆန်းဘူးလို့ မြင်လာတတ်ကြတယ်။ မိဘက မပြောတတ်ရင်တောင် ကိုယ်ခေါ်ထားတဲ့, သို့မဟုတ် ကိုယ့်ကလေးနဲ့ ထားတဲ့ ဝန်းကျင်က ကြမ်းရင်လည်း မကောင်းတဲ့ အကျင်းဆိုးတွေ ကူးစက်လာတတ်ကြတယ်။တံငှါ နားနီး တံငှါ တဲ့လေ။ သင်ယူစ အရွယ်မှာ သတိကြီးကြီး ထားသင့်တယ်။ ကလေးတွေ အတွက် ဝန်းကျင်ကောင်းဟာ သိပ်အရေးကြီးသလို, ကောင်းတဲ့ အကျင့်လေးတွေ မွေးမြူပေးတတ်ဖို့ လည်း လိုပါတယ်။ ဝန်းကျင်ကောင်း, မိတ်ဆွေကောင်းဆိုတာ သိပ်အရေးပါတယ်။ ကောင်းမြတ်တဲ့တရားသံတွေ နေ့တိုင်းကြားနာနေရရင်လည်း ဒါကောင်းတဲ့ ဝန်းကျင်ပဲ။ သူတော်ကောင်းတွေ နီးရင်လည်း မိတ်ဆွေကောင်းပဲ။ငယ်ငယ်က ဦးလေးတစ်ယောက်ရဲ့ စာအုပ်ပုံတွေကြားထဲမှာ ကြီးပြင်းခဲ့ရတယ်။ အရှင်ဇနာကာ ဘိဝံသ, နန္ဒာသိန်းဇံ, ဘဘ ဦးသုခ တို့ရဲ့ စာအုပ်တွေနဲ့ ပျော်မွေ့ခဲ့တယ်။ အထင်ကရဆရာတော်ကြီးတွေရဲ့ ဆုံးမစကားတွေ, ဖူးမြှော်ခွင့်တွေရခဲ့တယ်။ ကြီးလာတော့လည်း စီးပွါးရေး, ပညာရေး နယ်ပယ်တွေမှာ ကျွမ်းကျင်အောင်မြင်နေတဲ့ မိတ်ဆွေကောင်းတွေနဲ့ ရင်းနှီးခဲ့တယ်။ သူတို့အကူညီတွေ အများကြီးရခဲ့တယ်။ဒီလို ရလာဖို့လည်း ကိုယ်က သွားခဲ့ရတယ်။ တောင်ကြီးက ကိုယ့်ရှေ့မရွေ့လာဘူး, ကိုယ်က ပဲ တောင်ကြီးဆီကို ရောက်အောင်သွားရတာတဲ့။ကိုယ်ဖြစ်ချင်တာတွေ, ကိုယ်လုပ်ချင်တာတွေ ကိုယ်သိချင်တာတွေ အတွက် သိတဲ့ ကျွမ်းကျင်တဲ့သူတွေဆီ ဆည်းကပ် ကိုးကွယ်ပြီး ပညာတွေ ဆည်းပူးရတယ်။တစ်ခုပဲရှိတယ်, ဝန်းကျင်ကောင်းမှာ ပျော်ဖို့ဆိုတာ ပျော်ပွဲရွှင်ပွဲလို ပျော်စရာနဲ့ စွဲဆောင်တာမျိုးမဟုတ်တဲ့ အတွက်ကိုယ်ကိုယ်တိုင်က ဇွဲရှိဖို့ပဲလိုတယ်။ငယ်ကတည်းက အကျင့်ကောင်းတွေသင်ပေးထားနိုင်ရင် ထိတွေ့ထားနိုင်ရင် ကလေးဆိုတာ, ရွှံ့လေးတွေ ဖယောင်းလေးတွေလို လိုသလို ပုံသွင်းလို့ရတဲ့အတွက် သူ့ဘာသာ ကောင်းတာလေးတွေ အပေါ်မှာ ပျော်မွေ့လာတတ်ပါတယ်။ဆက်ပါအုံးမယ်