သားတွေ သမီးတွေကို တွေ့တိုင်း စာများများဖတ်ဖို့ တိုက်တွန်းရတယ်။ စာအုပ်စာပေတွေဆိုတာ အဲဒီစာအုပ်ရေးသူတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ဗဟုသုတတွေ။အတွေ့အကြုံကောင်း, ပညာကောင်း, အတွေးအကြံကောင်းသူတွေရဲ့ ရသ, ဗဟုသုတ ရောနှောထားလို့ ဟင်းကောင်းတစ်ပွဲကြောင့် ခန္ဓာကိုယ်အတွက် အားအင်ဖြစ်သလို, အဲဒီစာအုပ်စာပေကြောင့် ဦးနှောက်ကို ဖွံ့ဖြိုးရင့်ကျက်စေပါတယ်။စာဖတ်တဲ့သူနဲ့ စာမဖတ်တဲ့သူ သိသိသာသာကွာပါတယ်။ လောကီ, လောကုတ် အစုံဖတ်နိုင်လေ ကောင်းလေပါပဲ။စာအုပ်စာပေတွေ နေ့စဉ်ဖတ်ခြင်းဟာ ပညာရှိသူတော်ကောင်းတွေရဲ့ တရားစကားတွေကို နေ့တိုင်းနာကြားနေတဲ့သူတွေနဲ့လည်းတူပါတယ်။ အမြင်ကျယ်တယ်။ အတွေးခေါ်ကောင်းတယ်။ ဗဟုသုတပြည့်ဝတယ်။ ကြောင်းကျိုးဆက်စပ်ပြီး ဆင်ခြင်တုံတရားနဲ့ ဘဝကို လျှောက်လှမ်းနိုင်ကြတယ်။စာတွေ အများကြီးဖတ်နိုင်လာလေလေ, ပညာရှိတွေလို ရင့်ကျက်တည်ငြိမ်လာလေလေပါပဲ။ သူများပြောသမျှ မယုံသလို, သူများစည်းရုံးတိုင်း ယောင်တောင်တောင် ပါသွားလေ့မရှိတဲ့သူတွေ။ အမှားနဲ့ အမှန်, အကောင်းနဲ့အဆိုး ခွဲတတ်ရုံသက်သက်မကဘဲ, လမ်းပြနိုင်တဲ့သူတွေဖြစ်လာတယ်။ ပြဿနာတိုင်းရဲ့ အစကို ဆွဲထုတ်နိုင်သလို, ကမ္မဝဋ်ကလွဲလို့ အဆုံးလည်း သတ်ပေးနိုင်တဲ့ ဥာဏ်ရည်တွေ ရှိလာနိုင်တဲ့သူတွေ။ သားတို့သမီးတို့စာဖတ်ခြင်း နဲ့ လောကီစီးပွါးရေး လောက ကောင်းကျိုးကိုလည်း ကောင်းစွာ ကျင့်ကြံအားထုတ်နိုင်ပြီး, အများရဲ့ အားကိုးရာ ဖြစ်နိုင်ကြပါစေ။မြတ်သော အကျင့်နဲ့ မြင့်သော စိတ်စေတနာ ပေါင်းစပ်ပြီး, သာယာ ဝပြောတဲ့ နိုင်ငံလေး ပြန်လည် ဖန်တီး တည်ထောင်နိုင်ကြပါစေ။