ကလေးတွေ မှာ ဉာဏ်ရည်မတူတာတွေ ရှိတဲ့ အကြောင်း ပြောတော့ မိဘတစ်ယောက်က သူ့ကလေးက ဟိုစပ်ဒီစပ်စပ် နဲ့ ဘာဝါသနာ ပါမှန်းမသိတဲ့ အကြောင်း ပြောပြတယ်။ တကယ်တော့ ကလေးတိုင်းမှာ သူ့ ပါရမီ နဲ့သူ ရှိကြပြီးသား။ တခါတခါ မြုပ်နေတတ်တယ်။ ဒီ ဇ လေးတွေပေါ်လာဖို့ ဆိုရင် မိဘဖြစ်သူက အဓိကပဲ။ တချို့က လည်း ကိုယ့်ကလေးကို အတင်း ပုံစံသွင်းယူတယ်။ ကလေးဆိုတာ သူ့ဝန်းကျင်ကို ကြည့်ပြီး စိတ်ပြောင်းတတ်ကြတယ်။ အားကျအတုယူ တတ်ကြတယ်။ ဒါကို ဝါသနာ လို့လည်း တစ်ထစ်ချ ပြောမရပြန်ဘူး။ မြင်နေကျ၊ ကြားနေကျ မို့ စိတ်စွဲလမ်းနေတာလည်း ဖြစ်နိုင်တယ်။ တကယ့်ပါရမီ ဆိုတာကတော့ သူ့ကိုယ်တိုင် ဝါသနာပါပြီး အဲဒီ သူဝါသနာကြီးတဲ့ အပေါ်မှာ ဇွဲရှိတတ်ကြတယ်။ ပင်ကိုယ်က ဇ မပါဘူးဆိုရင် ခဏ ကဲ တာပဲ ဖြစ်မယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကျောင်းသားတစ်ယောက် ကို တွေ့ဖူးတယ်။ ထုံးစံအတိုင်း ဂုဏ်ထူး အောဒီပါတော့ အိမ်က ဆရာဝန်လုပ်ခိုင်းတယ်။ သူက လည်း ဝါသနာ ပါသယောင် ဆိုတော့ လုပ်ရမလား မလုပ်ရဘူးလား တိုင်ပင်တယ်။ ဒါနဲ့ သား ဝါသနာ ပါလား မပါလား စစ်ချင်ရင် စီစဉ်ပေးမယ်ဆိုပြီး အသိတစ်ယောက် ဆရာဝန်ကြီးရှိတဲ့ ဆေးရုံကို တစ်လလောက် ပေးလွတ်ပြီး လေ့လာခိုင်းတယ်။ သူတို့မြင်ဖူးနေတာက ရုပ်ရှင်တွေထဲက ကျော့နေတဲ့ မင်းသားဆရာဝန်တွေလေ။ တကယ့်တကယ်လက်တွေ့ ဘဝတွေမှာက ဆရာဝန်က သန်းခေါ်ကျော်လည်း ခြေပြတ်လက်ပြတ် သွေးထွက်သံယို တွေ ကြားမှာ အိပ်ရေးပျက်ခံ၊ လူသေ၊ လူနာ အနိဌာ ရုံတွေ အကုန်တွေ့ကြုံကြရတာ။ တစ်လ မကြာဘူး ပြန်လာတယ်။ သား မလုပ်ချင်တော့ဘူးတဲ့။ တကယ်ဝါသနာ ပါတဲ့သူက အဲဒါလေးကိုပဲ အားတက်သရော၊ စိတ်ပါလက်ပါ အသက်မွေးကြတာ။ ခွဲခန်းထဲကနေ လက်အိပ်တွေ ချွတ်ပြီး ကြုံသလို မနက်စာ ညစာ ပေါင်း စားကြရတဲ့ ဆရာဝန်တွေ ကိုယ်တွေ့ အများကြီးရယ်။ အဓိက ကတော့ ကိုယ့်သားသမီးဘာလုပ်ချင်လဲ သိချင်ရင် သူလုပ်နေတာ ဘယ်လောက်ဇွဲရှိသလဲ စောင့်ကြည့်ရမယ်။ (ဇွဲရှိတယ်ဆိုလို့ ဂိမ်းဆော့နေတာကို တော့ ကြည့်ပြောလို့မရဘူးနော် 🙂 ကလေးတိုင်းမှာ တစ်ခုခု တော့ အားသန်နေကြတာ ရှိပြီးသားပါ။ ကိုယ်က ကြည့်တတ်ဖို့ပဲလိုပါတယ်။ ကြည့်ရုံလေးတင်တော့ ဘယ်ဟုတ်မလဲ။ အလုပ်ခိုင်းကြည့်ရတယ်။ ပေးလုပ်ခိုင်းရတယ်။ မတူတဲ့ အလုပ်တွေ ဆီခေါ်သွားကြည့်ရတယ်။ မတူတဲ့ ဝန်းကျင်တွေ ဆီပို့ရတယ်။ တချို့ကလည်း အနုပညာ ဝါသနာ ပါတယ် တဲ့။ ဘာ အနုပညာလဲ။ အနုပညာမှာလည်း အများကြီး။ သူရို့ဆီမှာ ဘွဲ့ယူဖို့ specialised တွေက အမျိုးပေါင်း အများကြီးရယ်။ ကွန်ပျူတာ ၊ Management(စီမန်ခန့်ခွဲမှု), Business (ဘိစနက်) ဆိုတာမျိုးတွေလိုပေါ့ သီးခြား ခွဲထွက်သွားတဲ့ အထူးပြု(specialised) တွေက အနည်းဆုံး အခွဲပေါင်း သုံးလေးဆယ် မကဘူး။ (ဒီအကြောင်းတွေ ဆက်ရေးပါမယ်) ဒီတော့ ကွန်ပျူတာလို့ပြောရင် မလုံလောက်တော့ဘူး။ ဘယ်အပိုင်းလဲ။ Web လား၊ ဆော့ဖ်ဝဲ(Software) ပိုင်းလား၊ နက်ဝပ်(network) ပိုင်းလား၊ စစ္စတန် system ပိုင်းလား။ အင်တာနက်/ဒေတာ လုံခြုံရေး (Security) ပိုင်းလား အများကြီး။ ပြောချင်တာက ကလေးက ကွန်ပျူတာ ဝါသနာပါတယ်ဆိုပေမယ့် သူယူမယ့် အပိုင်းကို ချက်ချင်းမသိနိုင်ဘူး။ ဒိတော့ ခြုံပြီးသင်လို့ရတဲ့ Foundation တန်းတွေ တက်ခိုင်းရတယ်။ ပထမနှစ်လောက် general အနေနဲ့ သင်ခိုင်းရတယ်။ ဒီတော့မှ သူသိလာနိုင်တယ်။ ဒီသဘောပဲ ကလေးတွေမှာ မြင်သမျှကို သဘောကျပြီး သူတို့ရဲ့ hero လိုမျိုး ဖြစ်ချင်နေတာက တကယ့် ပါရမီ၊ တကယ့် ဉာဏ်ရည်မျိုး မဖြစ်နိုင်ဘူး။ အခြေခံသဘောတရားတွေ၊ အချက်အလက်တွေကို ချပြပေးနိုင်မှ ပေါ်လာတတ်တာမျိုး။ ဒါတွေကို တဆင့်ချင်း အလိုက်အထိုက်လေး ကလေးကို ခေါ်သွားနိုင်ရတယ်။ ကိုယ်လိုချင်တာကို အတင်းဆွဲခေါ်တာမျိုးဆိုရင် ကလေးမဖြစ်ချင်တဲ့ဘဝတွေ ဖြစ်သွားတတ်ပါတယ်။ ဒီအကြောင်းလေးတွေ အသေးစိတ် ထပ်ရေးပါအုံးမယ်။ မေတ္တာဖြင့်