နာမည်ကြီးကျောင်းကထွက်လာတဲ့ မိဘတစ်ယောက်က ကိုယ့်ကျောင်းမှာ စာသိပ်မသင်လို့, စာလည်း မကျက်ရတော့ အားရဘူးတဲ့။ 🙂 စာတွေအလွတ်ရမှ စာတတ်တယ်ထင်တဲ့ မိဘတစ်ချို့ရဲ့ လွဲမှားတဲ့ အမြင်နဲ့ ပုံစံမပြောင်းသေးတဲ့ သင်ကြားရေးတွေနဲ့ တော့ အဆင်ပြေနေအုံးမှာပါ။ ပါးစပ်က အလွဲအမှားမရှိ, ခရားရေလွှတ်, အလွတ် ပြောနိုင်တဲ့ ကလေးတွေကို ချီးကျူးတဲ့ အကျင့်က မပျောက်သေး။ ဒါကြောင့်လည်း မြန်မာပြည်မှာ ကျောင်းပြီးလို့ ဘွဲ့တွေရရင် အများစု က ဘဝမှာ အလွှဲတွေနဲ့ ဘဝရပ်တည် ဝမ်းရေး ရှာကြရတယ်။ အင်ဂျင်နီယာက မုန့်ဖုတ်, ဆေးရောင်းပြီး, ဆရာဝန်က ကန်ထရိုက်လုပ်, သွင်းကုန်ထုတ်ကုန် ကုမ္ပဏီထောင်တဲ့ သူငယ်ချင်းတွေ အများကြီး။ မြန်မာစာနဲ့ ပြီးတဲ့ ဆရာက အင်္ဂလိပ်စာ သင်ပြီး, သမိုင်းနဲ့ ပြီးတဲ့သူက ဓါတုဗေဒ သင်သတဲ့။ ပြောရရင် အများကြီး။ တချို့ ဥရောပနိုင်ငံတွေမှာ စာသင်ချိန်တွေကို လျှော့ပစ်နေကြသလို, အလုပ်လုပ်ချိန်တွေတောင် တစ်ပတ်ကို ၄ ရက် လုပ်, ၃ ရက်နားတဲ့။ ခန္ဓာကိုယ်ဖြစ်ဖြစ်, စိတ်ကို ဖြစ်ဖြစ် အနားပေးခြင်းက ကုန်သွားတဲ့ စွမ်းအင်ကို ပြန်ဖြည့်တင်းတဲ့သဘောပါပဲ။ ပိုမိုသစ်လွင်တဲ့ စိတ်ကူးစိတ်သမ်းနဲ့ အားအင်အသစ်တွေ ပြန်ရဖို့ အနားပေးဖို့လိုတယ်။ ပညာသင်ယူခြင်းဆိုတဲ့ အဓိက အကြောင်းအရင်းကို ကျနော်တို့ သေချာပြန်စဉ်းစားချိန်ရောက်ပါပြီ။ စာတွေ ခေါင်းထဲ အများကြီးထည့်ရမယ့်ခေတ် မဟုတ်တော့ပါဘူး။ နည်းပညာက ကျနော်တို့ ကိုယ်စား လုပ်ပေးနေပြီ။ တချို့အရာတွေက တဆင့်ချင်း အလီတွေရေတွက်ပြီး ပေသီးတွေ ပြန်သင်နေဖို့ မလိုတော့သလို, ခေါင်းထဲ မှာ မလိုအပ်တဲ့ မှတ်သားမှုတွေနဲ့ ရှေ့ကို မရောက်တဲ့ အတွေးအခေါ်မျိုးတွေ ချန်ထားခဲ့ရတော့မယ်။ ဒစ်ဂျစ်တယ်ခေတ်မှာ ထော်လာဂျီနဲ့ အမီလိုက်မယ်ဟေ့ဆိုပြီး အသကုန် လီဗာနင်းလို့မှ မရတာ။ မီးခိုးတွေ အူနေတဲ့ ရေနွေးငွေ့ အင်ဂျင်ကြီးကို အသေးစိတ်လေ့လာပြီး, upgrade လုပ်မယ်လို့ စဉ်းစားနေရင် ကျနော်တို့က ဆယ်စုနှစ်မဟုတ်ဘူး, ရာစုနှစ်ကို ပြန်ကျန်ခဲ့ပါလိမ့်မယ်။ ပြောချင်တာက ဒီနေ့ခေတ်ပညာဟာ ယခင်ခေတ်ကလို လှေကြီးနဲ့ လှော်ပြီး, ရိုးရိုးသွားလို့မရတော့ပါဘူး။ သင်နည်းစနစ်, ဒစ်ဂျစ်တယ် သင်ထောက်ကူပစ္စည်း နဲ့ ဆော့ဖ်ဝဲ ၊ လစဉ် နှစ်စဉ်ပြောင်းလဲနေတဲ့ သင်ရိုး သစ်, ကမ္ဘာနဲ့ အချိန်နဲ့ တပြေးညီ ချိတ်ဆက်ထားနိုင်တဲ့ နည်းပညာတွေ ပေါင်းစပ် သင်ကြားနိုင်မှ သာ မီနိုင်တဲ့ ခေတ်။ သူတို့ကို မီဖို့ ဆိုရင် ကလေးတွေရဲ့ ပညာရေးကို ဘယ်လို အဆင့်မြှင့်တင်မလဲ ၁) ကလေးတွေကို ဒစ်ဂျစ်တယ်ပစ္စည်းတွေ ပေးကိုင်ရမယ်, ၂) စာအုပ်တွေကို ကျော်ပြိး လေ့လာသင်ယူနိုင်ရမယ်။ ၃) စာသင်ခန်းတွေရဲ့ အပြင်ကို လေ့လာရေး လုပ်ခိုင်းရမယ်။ ၄) ကျောင်း သင်ရိုးတွေရဲ့ အပြင်က အညွှန်းတွေကို လိုက်ဖတ်ခိုင်းရမယ်။ ၅) အပြန်အလှန်ဆွေးနွေးငြင်းခုန်ပြီး, လက်တွေ့နယ်ပယ်နဲ့ ချိတ်ဆက်သင်ယူနိုင်ရမယ်။ ဒီ ငါးချက်က သင်ကြားရေးမှာ အရေးပါတဲ့ ပြောင်းလဲမှုပါ။ သူရို့ဆီမှာ စာသင်ချိန်တွေကို လျှော့နေတယ်ဆိုတာ ဒီက ရလာတဲ့ ရလာဒ်ကောင်းတွေ ထွက်ပေါ်လာကြလို့ပါ။ ဒါကြောင့်လည်း အာရှနဲ့ ယှဉ်ရင်, ပညာရေးရော, အသစ်တီထွင်ကြံဆမှုရော, စနစ်တကျ တိုးတက်ဖွံ့ဖြိုးမှုရော အနောက်အုပ်စုက ရှေ့ပြေးနေတာပါ။ ဆက်ပါအုံးမယ်။