မြန်မာနိုင်ငံမှာ တရားရိပ်သာတွေနဲ့ နာမည်ကြီးတဲ့ဆရာတော်တစ်ပါး ရဲ့ နိုင်ငံရေးနဲ့ ဘာသာရေး အကြောင်း ပြောထားတာ နားထောင်လိုက်ရတယ်။ အတော် စိတ်မကောင်းဖြစ်မိတယ်။ ငယ်ကတည်းက တရားတွေနဲ့ ကြည်ညိုခဲ့ရတဲ့ဆရာတော်ကြီး လည်း အပါအဝင်ပေါ့။ ဒီလိုဆရာတော်ကြီးတွေ ဘယ်လောက်များမလဲ တွေးပြီး၊ စိတ်ထိခိုက်ရတယ်။ လောကီနဲ့ လောကုတ်ရောထွေးနေတဲ့ အမြင်တွေက စိတ်မကောင်းစရာ။ နေပြည်တော်မှာ ကျောင်းထိုင်ဆရာတော်တစ်ပါးနဲ့တွေ့ဖူးတယ်။ သူကလည်း တရားဟော ဆရာတော်ကြီးကို အသံရော၊ တရားတွေပါ သိပ်အားကျ ကြည်ညိုတဲ့ သူ။ မတွေ့တာကြာတော့ ဆရာတော်က လည်း ဒီဘုရင်ကြီးမှန်တယ်ဖြစ်လာရော။ တိုင်းပြည်တိုးတက်ရင် ဘာသာတရားကျသွားမယ်ဆိုတဲ့ အတွေးအခေါ်က အတော်ဆိုးရွားတဲ့ လောကီဗဟုသုတနည်းပါးလွန်းတယ် ပြောရမယ်။ ဆင်းရဲနေမှ ဘာသာတရားထွန်းကားမယ် ဆိုတဲ့သဘော။ ဒါဆို မင်းကျင့်တရားနဲ့ ညီခဲ့တယ်ဆိုတဲ့ ရှေးဘုရင်တွေက တိုင်းပြည်ကို မွဲအောင်လုပ်ခဲ့ကြသလား ပြန်မေးခွန်းထုတ်ရမယ်။ ပြည်သူတွေ နာမှ, ဆင်းရဲမှ ဘုရားတ, ကြရမယ်လို့ ဆိုလိုတာလား။ တိုင်းပြည် မွဲနေမှ ငါတို့ဘာသာတရားကို ကြည်ညိုမယ်ဆိုရင် ဘာလို့ အလှူတရားတွေ ဟောနေကြတာလဲ မေးလာကြမယ်။ အလှူ ဒါန ဟာ လောကီချမ်းသာ၊ ဘာဝနာ ဟာ လောကုတ္တရာ ချမ်းသာ မဟုတ်လား။ ပြည်သူလူထု စိတ်ဆင်းရဲအောင်၊ လုံခြုံမှု လွတ်လပ်မှု မရှိအောင် လုပ်တဲ့ ဘုရင်တွေမှ ဘာသာတရားကို ထွန်းကားအောင် လုပ်နိုင်တဲ့သဘောလား။ ဪ အံ့ဩပ။ ကမ္ဘာ့ အဆင်းရဲဆုံးဖြစ်နေတာတောင် ကြည်ညိုနိုင်လွန်းတယ်။ တို့ပြည်သူတွေက တကယ်တော့ ကိုယ့်ဝမ်းခေါင်ရင်တောင် ရွှေကျောင်းပြောင်အောင် လှူဒါန်းကြတဲ့ ရက်ရောလွန်းတဲ့လူမျိုးတွေပါ။ ဒကာ၊ ဒကာမတွေရဲ့ အကျိုးကိုတကယ်ကြည့်မယ်ဆိုရင် လောကီမရှိဘဲ လောကုတ္တရာ ကူးလို့မရပါဘူး။ ခန္ဓာကိုယ်အတွက်အားမဖြည့်နိုင်ရင် ဘာသီလ၊ ဘာအကျင့်မှ ကျင့်လို့မရပါဘူး။ ဘုရားဟောခဲ့တာပဲ။ မဇ္ဈိမ အကျင့်၊ မဇ္ဈိမ အတွေးအခေါ် ရှိကိုရှိရမှာပါ။ လောကီ အကျိုးစီးပွါးလည်း ရှိကို ရှိရမှာပါ။ မင်းကျင့်တရားထဲက ပြည်သူတွေ နဲ့ မဆန့်ကျင်တဲ့ အမြင်မျိုးလည်း ရှိရမှာပါ။ တိုင်းပြည်စည်ပင် ဝပြောမှ ပြည်သူစိတ်ချမ်းသာရမှာပါ။ ဒကာ၊ ဒကာမ ပြည်သူစိတ်ချမ်းသာမှ ဘာသာရေးမှာ ပိုလှူတန်းနိုင်၊ ပိုပြီး ကျင့်ကြံနိုင်ကြမှာပါ။ တိုင်းပြည်ခေါင်းဆောင်ပဲ ဖြစ်ဖြစ်၊ ဘာသာရေး ခေါင်းဆောင်ပဲ ဖြစ်ဖြစ် မဇ္ဈိမ အမြင် နဲ့ ပြည်သူ့ အကျိုးစီးပွါး၊ ဒကာ ဒကာမ အကျိုးစီးပွါး ကြည့်ရမှပါ။ ပြည်သူချမ်းသာတာ၊ အကျိုးစီးပွါးဖြစ်ထွန်းတာကို မလိုလားရင် ဘယ်လောက်ကြီးကျယ်ခန်းနားတဲ့ ဂုဏ်ထူးဝိသေသကြီးတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် ဂျင်း လို့ပဲ ပြောပါရစေ။