တပည့်မ တစ်ယောက် သူ့ရည်းစားနဲ့ပုံတွဲတင်နေလို့ သတိပေးဖူးတယ်။ ဆိုရှယ်မီဒီယာဆိုတာ ကောင်းကျိုးဆိုးကျိုးရှိတယ်။ ချစ်တာတော့ ချစ်တာပေါ့။ ချစ်သူဆိုတာ ဇနီးမှ မဟုတ်တာ။ ချစ်သူဟာ ဇနီးမဟုတ်သလို ဇနီးဖြစ်လာမယ်လို့လည်း ဘယ်သူမှ တတ်အပ် မပြောနိုင်။ သေချာတာကတော့ ဘဝ လက်တွဲဖေါ်ရွေးတယ်ဆိုတာ မိတ်ဆွေရင်းသာသာပဲ သင့်တော်သလို, ချစ်သူချင်း ဆက်ဆံတဲ့ အဆင့်ထက် မပိုတာပဲ ပိုကောင်းပါတယ်။ အကယ်၍ ဆိုတာ တွေ ထည့်စဉ်းစားသင့်တယ်။ ဖူးစာမဆုံခဲ့ရင် အကြောင်းမတိုက်ဆိုင်ခဲ့ရင် အရင်ဆုံးနစ်နာရမှာက ကိုယ်။ အချစ်ဆိုတာ ဆယ်ကျော်သက်အရွယ်မှာတွေ့ခဲ့တဲ့ ချစ်သူက တစ်ဘဝလုံးအတွက်လို့ ထင်ရပေမယ့် တခါတခါ အသက်ရွယ်တွေ ပြောင်းသွားတဲ့အခါ အိပ်မက်တွေလို မဖြစ်နိုင်တာတွေ လည်း ဖြစ်တတ်ပါတယ်။ ချစ်သူဖြစ်တယ်ဆိုတာကို အကြင်လင်မယားတွေဖြစ်အောင်လုပ်သလို လူသိရှင်းကြား ပွဲလုပ်ပြီးကြေညာစရာမှ မလိုတာ။ တကယ်ပြန်စဉ်းစားရင် ရည်းစားထားတယ်ဆိုတာ အိမ်ထောင်ဖက် အဖြစ် အထိ လက်တွဲနိုင်သလား စဉ်းစားကြတာ။ စမ်းတွဲကြည့်တာ၊ စမ်းပြီး မိတ်ဖွဲ့ကြည့်တဲ့သဘောမျိုးပါ။ အဲလိုတွဲကြတဲ့အခါ ချစ်တယ်, ချစ်တယ် ဆိုတဲ့ စကားတွေချည့် ပြောနေတာထက်၊ လောကအကြောင်း, လူတွေ အကြောင်း, အလုပ်တွေ အကြောင်း, ဘာသာရေး, လူမျိုးရေး နိုင်ငံရေးတွေ စုံနေအောင် ဆွေးနွေးကြရသလို, ကိုယ့်အပေါ် တကယ်ပဲ သည်းခံနိုင်သလား၊ အကြိုက်မတူရင်တောင် တကယ်ပဲ နားလည်ပေးနိုင်သလား၊ အပြန်အလှန် ယုံကြည်မှုနဲ့ လေးစားမှု, မြတ်နိုးမှု ဆိုတဲ့ ပေတံမျိုးစုံနဲ့ တိုင်းကြရတာ။ အဲလိုမဟုတ်ဘဲ အထိတွေ့ တွေနဲ့ သာယာမူးရစ်ပြီး သိပ်ချစ်တယ်ဆိုတာနဲ့တင် ရပ်နေရင်တော့ တကယ် ဘဝကို လက်တွဲကြပြီ, အိမ်ထောင်ပြုလိုက်ကြပြီးဆိုတော့မှ လမ်းခွဲတော့ သဘောထားမတိုက်ဆိုင်လို့ပါ ဆိုရင် .. လူသိရှင်ကြား တန်ဘိုးကြီးကြီး အချိန်ပေး, ဘဝတွေပေးပြီး တည်ဆောက်ထားတဲ့ အိမ်ကြီးကို ဖြိုချလိုက်သလို အရမ်းနစ်နာလှပါတယ်။ ကိုယ်တွေခေတ်တုန်းက ရည်းစားစာလေးတောင် လူသိမှာစိုးလို့ စာပို့သမားနဲ့ ချိတ်ပြီး ကျနော့်ကို မတွေ့ရင် မပေးခဲ့ပါနဲ့လို့ ကြိတ်ပြီး အဝေးကနေ ချစ်ကြရတာ။ ဒီနေ့ခေတ်လူငယ်တချို့များ ကဲချက်။ သိပ်ကြောက်စရာကောင်းတဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ လက်ချင်းချိတ်, ခရီးတွေအတူသွား တဲ့ ပုံတွေ တင်ကြကဲကြနဲ့ ခဏခဏ တွေ့နေရတယ်။ ဒါကို အပြစ်အနေနဲ့ ပြောလိုတာ မဟုတ်ပေမယ့် တကယ်ပဲ လက်တွဲနိုင် အိမ်ထောင်ဘက်အထိ တည်ဆောက်နိုင်ခဲ့ရင်တော့ သိပ်ကောင်းမှာပါ။ မဟုတ်ရင်, အာရှ ရိုးရာအရ နောက်ထပ် အိမ်ထောင်ဘက်တစ်ခု တည်ဆောက်ခဲ့မယ်ဆိုရင် (အနောက်တိုင်းယဉ်ကျေးမှုနဲ့ဆို ပြဿနာ မဟုတ်ပေမယ့်) အရိပ်မည်းကြီးက ကိုယ့်အရိပ်လို ခြိမ်းခြောက်ခံဲနေရမှာပါ။ ညီငယ်, ညီမငယ်တွေကို တစ်ခုပဲ သတိပေးချင်ပါတယ်။ ဘဝဆိုတာ လှေခါးတစ်လေးတွေလိုပါပဲ။ ကိုယ်က မူလတန်းနဲ့ ပြီးခဲ့ရင် မူလတန်းက အခန်းဖေါ်တွေပဲ သူငယ်ချင်း, ချစ်သူအဖြစ် တွေ့မှာပါ။ တက္ကသိုလ် ဘွဲ့ရ, မာစတာ ဘွဲ့ရ ခဲ့ရင် , မူလတန်းလောက်က ထွက်သွားတဲ့ ငယ်ရည်းစားကိုတော့ ဘယ်သူမှ လွမ်းကြမှာ မဟုတ်ပါဘူး။ အဆင့်ဆိုတာ ကိုယ်က မြင့်လာရင် မြင့်တဲ့သူတွေနဲ့တွေ့လာရစမြဲပါ။ ကိုယ်က စိတ်နေမြင့်ရင် လည်း ကိုယ်နဲ့ စိတ်တူတဲ့ သူနဲ့ပဲ တွေ့ရတယ်။ အများအားဖြင့် မတူတဲ့ ဝန်းကျင်, ယဉ်ကျေးမှုမြင့်တဲ့ ဝန်းကျင်ကို ရောက်ခဲ့ရင်လည်း အဲဒီဝန်းကျင်က သူနဲ့ပဲ တွေ့တတ်ကြပါတယ်။ ဘဝနှစ်ခုပေါင်းစပ်လို့ရဖို့က ရေမြင့်ရင် ကြာမြင့်လာမှ ကြည့်လှပါတယ်။မဟုတ်ရင် ရေက မြင့်သွားပေမယ့် ကြာ က မမြင့်လာရင် ရေညှိပဲ ဖြစ်သွားမှာပါ။ ကုန်ကုန်ပြောရရင် ချစ်သူချင်း အိမ်ထောင်ဖက်အဖြစ် တည်ဆောက်နိုင်ဖို့ဆိုရင် စိတ်တူကိုယ်တူဖြစ်ဖို့ နှစ်ဦးလုံး နှစ်ဘက်လုံးက ကြိုးစားတာချင်း၊ ပါရမီးဖြည့်တာချင်းတူဖို့ အရေးကြီးပါတယ်။ ဆက်ပါအုံးမယ်
20
Feb
လက်တွဲဖေါ်ရွေးတယ်ဆိုတာ
February 20, 2024
One Min Read
111
Views
0
Comments
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024