နှစ်ကိုယ်တူ ဘဝဆက်တိုင်းပေါင်းရပါလို၏ ဆိုပြီး ဆုတွေချည့်စွတ်တောင်းမနေကြနဲ့၊ ဆု ဆိုတာ သံသရာမှာ ဆူးတစ်ချောင်းလို လိုက်စူးနေတတ်တယ်တဲ့။ တချို့က မင်းသမီးလေးလို ချောမောလှပနေပေမယ့် နှုတ်ခမ်းမွှေးကားကား၊ ဗိုက်ပူပူ၊ အသက်ကြီးကြီး ရုပ်ဆိုးဆိုးနဲ့ အိမ်ထောင်ထောင်ကျ ကြတယ်။ အရင်ဘဝက သိပ်ချစ်ကြပြီး လိုက်ဖက်တဲ့ မောင်နှံဖြစ်ချင်လည်းဖြစ်ခဲ့ကြမှာပေါ့။ ဒါပေမယ့် ကုသိုလ် စိတ်ချင်းမတူ, အကျင့်စရိုက်ချင်းမတူ တော့ အကျိုးပေးက ဒီဘဝရောက်လာတော့ တစ်ယောက်က အသက်ကြီး ရုပ်ဆိုးဆိုး၊ ကိုယ်က နုဖတ်ဖတ် ရွှေလင်ပန်းနဲ့ အချင်းဆေး တွေ့ကြရော။ ဆုတောင်းမှားခဲ့တာကိုး 😀 ဒါကြောင့် ဒီဘဝမှာ ချစ်ချင်လည်းချစ်ကြပါ။ အိမ်ထောင်ပြုချင်လည်းပြုကြပါ။ ဘဝပေါင်းများစွာ ဒီလိုပဲ ပေါင်းသင်းရပါလို၏ ဆိုရင် သူရော ကိုယ်ရောက နောက်ဘဝမှာ လူအတူတူ ဖြစ်မှာ မှ မသေချာတာ။ ပြီးတော့ အသက်အရွယ်, ရုပ်ဆင်း င်္အဂါ, စိတ်ဓါတ် အဆင့်အတန်း တူနိုင်တာမှ မဟုတ်တာ။ ကံချင်းမတူရင် ဘဝအသစ်တွေမှာလည်း မတူနိုင်တော့ပါဘူး။ အသက်ကြီး, ရုပ်ဆိုးပေမယ့် ကြင်နာတတ်တဲ့သူဆိုရင် ပြဿနာမဟုတ်ပေမယ့်, အကျင့်ပါဆိုး, ယုတ်ညံ့တဲ့စိတ်ရှိတဲ့သူ, မောက်မာ ရိုင်းစိုင်းပြီး ကြမ်းတမ်းတဲ့သူနဲ့များ မတော်တဆ အိမ်ထောင်ကျမိသွားရင် သေပြီဆရာပေါ့။ အမှန်တော့ အတိတ်ကံကြောင့် ဆူးစူးခဲ့တာမျိုးဖြစ်ခဲ့ရင် ပစ္စုပ္ပန်မှာ အဲဒီဆူးကို ထွင်ပစ်ရမှာပါ။ အတိတ်ကံအကျိုးပေးက ရွေးလို့မရပေမယ့် ပစ္စုပ္ပန်ကတော့ ကိုယ်တိုင်ရွေးချယ်နိုင်တာပါ။ အတိတ်ကံညံ့နေရင် ပစ္စုပ္ပန်ကံကို အထောက်အပံ့ဖြစ်အောင် ပြင်ကြရမှာ။ ဆိုးတယ်ဆိုပြီး အဆိုးကို ရန်လုပ်, ဖက်ပြိုင်ပြီး မိုက်မဲနေရင် သံသရာမှာ ဒီထက်ပိုနစ်သွားရုံပဲ ရှိမှာပါ။ ဘဝနှစ်ခုတည်ဆောက်ရတဲ့ အခါ အမြဲတမ်းတစ်ထပ်တည်းတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုတောင် အလိုမကျတဲ့နေ့တွေ ရှိနေတတ်တာပဲလေ။ သူများကို ပြင်ဖို့ဆိုတာ ပိုတောင် မလွယ်ပါဘူး။ တချို့က သံယောဇဉ်အပူမီးတွေနဲ့ ပူလောင်စွာ ချစ်ကြတယ်။ ခံစားကြေကွဲကြတယ်။ စကားလုံးတိုင်းကို လိုက်ကောက်ပြီး ခံစားလွယ်ကြတယ်။ သူက ကိုယ်မှ မဟုတ်ဘဲဆိုတာကို နားမလည်တဲ့အတွက် ကိုယ့်သောက ကို ကိုယ့်ဘာသာ ဖန်တီးစိတ်ဆင်းရဲခံကြတယ်။ ဒိလိုနဲ့ ရွှေနဲ့မြ, နေနဲ့လ လို လိုက်ဖက်ပါပေ့ဆိုတဲ့ အကြင်လင်မယားတွေတောင် မသာယာတဲ့ အိမ်ထောင်ရေးတွေ ဖြစ်သွားရတယ်။ စီးပွါးရေးမပြေတာတစ်ခုတည်းတော့ ရိုးမယ်ဖွဲ့လို့မရပါဘူး။ တကယ်တော့ ခံစားတတ်မှု, လောကဓံရဲ့ ခံနိုင်ရည် နဲ့ နားလည်နိုင်စွမ်းတွေပေါ်မှာသာမူတည်တာပါ။ ဆုမတောင်းပါနဲ့။ ဆုပန်ကြပါ။ ဆုပန်တယ်ဆိုတာ လက်တွေ့ ပါရမီဖြည့်ကြရတာပါ။ နှစ်ယောက်အတူ ဘဝမှာ ချစ်ခင်စွာပေါင်းနိုင်ဖို့ စိတ်တူကိုယ်တူ ဆုပန်ကြဖို့အရေးကြီးပါတယ်။ ဆက်ပါအုံးမယ်။
20
Feb
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024