မိဘတွေ မေးထားတဲ့ မေးခွန်းတချို့ကို ဒီနေရာကနေပဲ ပေါင်း ဖြေပေးလိုက်ပါတယ်။
မြန်မာဆယ်တန်းပြီးထား (အောင်ထားတဲ့)သူ ဆိုရင် GED သို့မဟုတ် iGCSE ဆက်တက်စရာ လိုသလား?
ဆက်တက်စရာမလိုပါဘူး။
တစ်ခုတော့ ရှိတယ် မြန်မာဆယ်တန်းဟာ GCE ”O” Level နဲ့ညီတဲ့အတွက် GCE “A” level သိုမဟုတ် ၁၂ တန်းနဲ့ညီတဲ့ GAC, OSSD လိုမျိုး ဆက်တက်နိုင်က ဆက်တက်နိုင်ပါတယ်။
မြန်မာဆယ်တန်းနဲ့ ပြည်ပကို ကျောင်းသွားတက်ရင် ဘာတွေ ဆက်ပြင်ဖို့လိုသလဲ
ပုံမှန်အားဖြင့် ဟိုဘက်မှာ တိုက်ရိုက်တက်လို့ရဖို့ဆိုရင် Foundation (Level 3) လိုမျိုး နဲ့ Language Proficiency test ဖြစ်တဲ့ IELTS လိုမျိုး လိုအပ်ပါတယ်။
ငွေကြေးသိပ်မတတ်နိုင်တဲ့သူအတွက် ဘယ်နိုင်ငံတွေ ရွေးရမလဲ၊ စကော်လာ ရရင် ရော လုံလောက်ပါသလား
တစ်နှစ်ကို သိန်း ၁၀၀ ဝန်းကျင်ပဲ သုံးနိုင်ရင် ပြည်တွင်းနိုင်ငံတကာ ကောလိပ်၊ တက္ကသိုလ်တွေ နဲ့ ထိုင်း လောက်ပဲ စဉ်းစားသင့်ပါတယ်။ ငွေကြေးမတောင့်တင်းတဲ့သူတွေ အတွက် အကောင်းဆုံး အကြံပြုချင်တာက ပြည်တွင်းဖြစ်ဖြစ် ပြည်ပဖြစ်ဖြစ် အတတ်ပညာတစ်ခုနဲ့ တကယ်အလုပ်လုပ်လို့ရမယ့် Professional Career အတွက်စဉ်းစားသင့်ပါတယ်။ ပြည်တွင်းမှာလည်း တကယ် တတ်မြောက်အောင် သင်ပေးနိုင်တဲ့ ကျောင်းကောင်းတချို့ရှိနေသလို၊ ဥပမာ IT, Programming ပိုင်းမှာ ထိရောက်အောင် သင်ပေးနိုင်တဲ့ ဆရာကောင်းတွေ ရှိနေပါသေးတယ်။
စကော်လာရရင် လုံလောက်သလားဆိုတာ Partial လား, Full Scholarship လား Fully-funded လား သေချာစုံစမ်းဖို့လိုပါလိမ့်မယ်။
Partial Scholarships ဆိုတာ ကျောင်းကျူရှင်ခ၊ စားစရိတ်၊ အဆောင်စရိတ်၊ စာအုပ်စာတမ်းခ စတဲ့အထဲက အပိုင်းတစ်ခုခု သာ, သက်သာခွင့်ရတာမျိုးပါ။ ဆိုလိုတာက ကျောင်းက ကျူရှင် စရိတ် တစ်ဝက်ပေးရင် ကျန်တဲ့တစ်ဝက် ကိုယ်စိုက်သုံးရပါလိမ့်မယ်။ တချို့ partial ပေးတဲ့နေရာတွေမှာ မတူတာတွေရှိတတ်ပါတယ်။ တချို့က ပထမနှစ်မှာပဲ ပေးပြီး လိုအပ်တဲ့ အမှတ် မပြည့်မီရင် ဖြုတ်ချတာမျိုးတွေလည်းရှိပါတယ်။ ကျောင်းပေါ်မှာ မူတည်ပါလိမ့်မယ်။ Partial ရခဲ့ရင် ရမ်းမပျော်ဘဲ သေချာမေးမြန်စုံစမ်းဖို့လိုပါတယ်။
Full Scholarship နဲ့ Fully-funded မှာ အများအားဖြင့် အမှတ်မှားကြတာတွေ ရှိပါတယ်။ Full Scholarship ဆိုရင် ကျောင်း တက်ရတဲ့ကာလ တစ်ခုလုံး ကျူရှင်ခ ကာမိပါတယ်။ ဒါပေမယ့် တခြား living cost တွေ, စာအုပ်စာတမ်းနဲ့ ခရီးသွားခတွေ မပါတာမျိုး ရှိပါတယ်။ ရခဲ့ရင် အသေးစိတ် သိအောင် ပြင်ဆင်ရပါမယ်။ တချို့က Full Scholar ဆိုပြီး တပြားမှ မစိုက်ရဘူးထင်တတ်ပါတယ်။ နာမည်ကြီး၊ ကျောင်းစရိတ်ကြီးတဲ့ ကျောင်းတွေရပေမယ့်၊ တခါတခါ ထည့်စဉ်းစားရမှာက နေစရိတ်၊ စာအုပ်စာတမ်းခ နဲ့ ခရီးစရိတ်တွေ ကလည်း ကျောင်းကျူရှင်စရိတ်လို ကြီးတတ်တာ သတိပြုစေချင်ပါတယ်။
Fully-funded ကြတော့ အကုန် ပေးပါတယ်။ ကျောင်းကျူရှင်စရိတ်အပြင် နေစရိတ်၊ စားစရိတ်၊စာအုပ်စာတမ်းကြေး၊ ခရီးစရိတ် နဲ့ တချို့ဆို ကိုယ့်ရဲ့ အသုံးစရိတ် (Stipend) အတွက်ပါ ပေးတာမျိုးရှိပါတယ်။
ဆက်ပါအုံးမယ်
ကျေးဇူးတင်ပါတယ်။