emotional skills သို့မဟုတ် စိတ်ခံစားမှုထိန်းနိုင်စွမ်းရည် အားနည်းခြင်း အားသာခြင်းက လူတွေကို ရင့်ကျက်မှု အနိမ့်အမြင့် ခွဲနိုင်သလို၊ အောင်မြင်မှုအတွက် အရေးပါဆုံး စွမ်းရည်လည်း ဖြစ်ပါတယ်။
တချို့က မိသားစုကိစ္စ၊ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ အလုပ်ကိစ္စ ကိုယ်ခံစားရတာ လူတကာ လည် ပြောပြလေ့ရှိသလို၊ တခြား လူ မသိသင့်တဲ့ ကိုယ့်အတွင်းရေးကအစ, စိတ်ဆိုး စိတ်တို စိတ်အနှောက်ယှက် ဖြစ်တာမျိုးတွေ လွယ်လွယ် ဖွင့်ဟလေ့ရှိတယ်။
များများပေါက်ကွဲလေ၊ များများပြောမိလေ ဖြစ်တိုင်း၊ ကိုယ့်အားနည်းချက်တွေ လူသိပြီး တစ်ဘက် ရန်သူအတွက်အခွင့်ရေးကောင်းဖြစ်သွားတတ်တာ သတိထားသင့်ပါတယ်။
emotional skill အားနည်းခြင်းရဲ့နောက်ထပ် ဆိုးကျိုးတစ်ခုက ဘဝမှာ ကြီးမားတဲ့ အခွင့်အရေး၊ အပြောင်းအလဲကြီးတွေ ရနိုင်ပါလျက်နဲ့ စိတ်ခံစားမှု မထိန်းနိုင်ခြင်းကြောင့် လက်လွတ်လိုက်ရတဲ့ နစ်နာမှုအထိ ဖြစ်တတ်သလို၊ တချို့ဆို ဘဝပါ ပျက်သွားကြတယ်။
စိတ်တိုလွယ်ခြင်း၊ စိတ်ဓါတ်ကျလွယ်ခြင်း နဲ့ စိတ်ဓါတ်ပျော့ညံ့လွယ်ခြင်းတွေဟာ Emotional Intelligence စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် နိမ့်ပါးခြင်းကြောင့်ပါပဲ။
Emotional skill အားကောင်းတဲ့သူတွေဟာ စိတ်ဓါတ်ခိုင်မာတဲ့ သူတွေ၊ ခေါင်းဆောင်ကောင်းတွေ နဲ့ ဘဝမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ရဲတဲ့သူတွေသာဖြစ်တယ်။
အများအတွက် ပြောသင့်ပြောထိုက်တာကို သာပြောလေ့ရှိပြီး၊ ကိုယ်ရေးကိုတာအတွက် ဘယ်တော့မှ ရှေ့တန်းမတင်တဲ့သူတွေ။
လူဆိုတာ (ဘုရား၊ ရဟန္တာ၊ အရိယာ ကလွှဲရင်) ခံစားမှုဖြစ်တဲ့ စိတ်ပျော်ရွှင်တာ၊ စိတ်ဆင်းရဲတာ၊ စိတ်ဓါတ်ကျတာ၊ ဒေါသဖြစ်တာ မျိုး အနည်းနဲ့ အများ ဖြစ်ကြတာပါပဲ။ ဒါကြောင့် ပညာရှိတွေက အပျော်လွန်ရင် လည်း မဆုံးဖြတ်မိစေနဲ့။ ဝမ်းနည်း စိတ်တိုနေရင်လည်း မဆုံးဖြတ်မိစေနဲ့ တဲ့။
အစောက ပြောတဲ့ စိတ်ခံစားမှုအားကောင်းတဲ့သူ၊ ထိန်းနိုင်တဲ့သူ က စိတ္တ သတ္တိ ကောင်းကြတဲ့အတွက် သူတို့လိုချင်တဲ့ ပန်းတိုင်မရောက်မချင်း၊ ခိုင်မာတဲ့စိတ်ဓါတ်နဲ့ ရင်ထဲ ဖုံးဖိပြီး လိုရာကို ရောက်အောင်သွားကြတယ်။
အားနည်းတဲ့သူကတော့ စိတ်မရှည်နိုင်ဘဲ ပေါက်လွယ်ကွဲလွယ်,ထိရှလွယ်တဲ့ ဘဝနဲ့ပဲ လမ်းဆုံးထိ မရောက်ဘဲ ဉာဏ်ဘယ်လောက်ကောင်းကောင်း၊စေတနာ ဘယ်လောက်ပါပါ၊ ဘယ်မျှ ကြိုးစားစား သဲထဲရေသွန် ဖြစ်ကြရတယ်။
ဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုကို ရချင်ရင် လမ်းခုလတ်မှာ ဘာမဟုတ်တဲ့ သေးသေးဖွဲဖွဲလေးတွေပေါ်မှာ စိတ်ခံစားမှုမထားဘဲ ကိုယ်လိုချင်တဲ့ ပန်းတိုင်မှာပဲ အာရုံစူးစိုက်ပြီး၊ ရှေ့ဆက်သင့်တာ၊ လုပ်သင့်တာ လုပ်ရင်း အလုပ်နဲ့ အောင်မြင်မှုကို ပြနိုင်မှသာ စကားလုံးမပါတဲ့ အနိုင်ယူခြင်းပါ။
ငါ့ကို ဘယ်လို မှိုချိုးမြစ်ချိုးပြောသွားတယ်၊ ငါ့ကို ဘယ်လိုဖဲ့တယ်၊ နိမ်တယ် စသဖြင့် စိတ်ခံစားမှု မထိန်းနိုင်ဘဲ လူတကာ လည်ပြောနေတာထက်၊ နောက်ကွယ်မှာပဲ တိတ်တိတ်လေး ကြိုးစားပြလိုက်စမ်းပါ။
အချိန်က စကားပြောပါတယ်။ တကယ့် အစစ်မှန်တွေဟာ ကြော်ငြာစရာမလိုသလို၊ အချိန်တန်ရင် အလုပ်လုပ်နိုင်ရင်၊ စိတ်ခံစားမှုထိန်းပြီး ကြိုးစားပြနိုင်ရင် … နောက်ကနေနေ၊ ရှေ့ကသွားသွား ကိုယ့်ဘက်ပဲ လှည့်ကြည့်လာကြပါလိမ့်မယ်။
တကယ်တော့ ဆိုးဆိုးကောင်းကောင်း ပတ်ဝန်းကျင်ဟာ တွန်အားတစ်ခုဖြစ်သလို၊ emotional skill ကောင်းအောင် ထိန်းနိုင်သူအတွက်တော့ အောင်မြင်မှုပန်းတိုင်ရောက်ဖို့ ကြီးမားတဲ့ အထောက်အကူ ပါပဲ။
ကျေးဇူးတင်ပါတယ်။