IGCSE မတက်ဘဲ၊ မပြီးဘဲ တက္ကသိုလ် တက်လို့ရလားတဲ့။ 🙂 အဲဒါနဲ့ ပြောလိုက်တယ်၊ ဘာမှ မပြီးလည်း MBA တက်လို့ရတယ်လို့ 😀 MBA Diploma ဆိုလား အဲဒါမျိုးကိုပြောတာ 😀. တော်ကြာ အမ်ဘီအေ ဆရာတွေက စိတ်ဆိုးနေအုံးမယ်။ တခါတခါ ကျနော်တို့ မိဘတွေလည်း အမြန်ပြီးချင်တယ်ဆိုတာချည့်ပဲ (ကျောင်းပြောတာပါ) ကျနော် ပညာရေး အကြောင်းတွေ အများကြီးရေးခဲ့ပါတယ်။ တချို့အကြောင်းတွေ ဆို ထပ်နေပြီ။ ခုလည်း IGCSE ‘’O’’ Level တက်မယ့် မိဘတစ်ယောက်က သူ့ကလေးကို ကျောင်းမြန်မြန်ပြီးချင်တယ်ဆိုပြီး ရှိသမျှ ကျောင်း အကုန်လိုက်မေးနေပုံရတယ်။ ကိုယ့်ထဲမှာလည်း အဲလိုမိဘများရှိတယ်။ စိတ်က မငြိမ်တော့ တွေ့တဲ့ ကျောင်း ဖေ့သ်ဘွတ်ထဲတောင် အခမဲ့ share ပြီး ကြော်ငြာပေးတာ။ သဒ္ဒါတရားသိပ်ကောင်းပုံရတယ် 😀 IGCSE မပြီးဘဲ ကောလိပ် တက်မယ်ဆိုရင် မရဘူးလို့ ပြောရင် လုပ်နေတဲ့ တက္ကသိုလ်တွေကို မလိုလို့ ပြောတာဖြစ်သွားမယ်။ ရတယ် လို့ ပြောပြန်တော့လည်း တကယ် အဆင့်ရှိတဲ့ တက္ကသိုလ်တွေကို စော်ကားတဲ့ဖြစ်အုံးမယ်။ အမှန်တိုင်းပြောရရင် ၁) ဘွဲ့ရရုံရချင်တာလား (ကျောင်းပြီးချင်တာလား) ၂) အရည်အချင်းတစ်ခုခု သို့မဟုတ် Ranking ကောင်းတဲ့ကျောင်းက ဘွဲ့မျိုးလိုချင်တာလား ဒီမေးခွန်း နှစ်ခု အရင်မေးချင်ပါတယ်။ ၁) ဘွဲ့ရရုံသက်သက်ပဲ ဆိုရင် သက်ဆိုင်ရာ ကောလိပ် သို့မဟုတ် ကျောင်းက သူ့သတ်မှတ်ချက် (ဥပမာ ဝင်ခွင့်တစ်ခုခု စစ်တာမျိုး၊ Foundation တစ်ခုခု လ အနည်းငယ် တက်ခိုင်းတာမျိုး ဘောင်ထဲ ဝင်ရင်လက်ခံမယ်ဆိုရင်ရတယ်လို့ဖြေပါရစေ။ ၂) ဘွဲ့ကောင်းကောင်းလိုချင်တယ်၊ ရေရှည်လည်း နိုင်ငံကြီးတွေမှာရှိတဲ့ Ranking မြင့်တဲ့ ကျောင်းကောင်းတွေ ကို Join ချင်သေးတယ်ဆိုရင် IGCSE လိုမျိုး, မြန်မာ ဆယ်တန်း (စနစ်ဟောင်း)လိုမျိုး, OSSD လိုမျိုး တစ်ခုခု ပြီးထားမယ်ဆိုရင် ပိုကောင်းပါတယ်။ ပိုပြီးလည်း စိတ်ချရပါတယ်။ ကလေးတိုင်းဟာ အညွှန့်လေးတွေနဲ့ချည့်ပါ။ တစ်နေ့ဘာဖြစ်မယ်, ဘယ်အထိရောက်မယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ လမ်းမှားတွေမှာတင် ရပ်တန့်သွားတာမျိုး မဖြစ်စေချင်ပါဘူး။ IGCSE မပြီးလည်း၊ ဆယ်တန်းမပြီးလည်း တက္ကသိုလ် တက်လို့ရချင်ရမယ်။ သေချာတာကတော့ ကလေးက Specialized ပြဌာန်းထားတဲ့ ဘာသာရပ်တွေမှာ မကျွမ်းကျင်နိုင်တော့ပါဘူး။ ဥပမာ မြန်မာ စနစ်ဟောင်း ရှစ်တန်းမှာ သိပ္ပံဘာသာရပ်ဆိုပြီးပေါင်းပြဌာန်းပေမယ့်၊ ကိုးတန်း၊ ဆယ်တန်း ရောက်တဲ့အခါ သိပ္ပံဘာသာရပ်ကို (၃)ဘာသာ (ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒ)ဆိုပြီး အထူးပြုခွဲပစ်ပါတယ်။ စာတွေများလာသလို တက္ကသိုလ်တက်တော့မယ့်ကလေးတွေအတွက် ဘာသာရပ်တစ်ခုချင်းစီမှာ ကျွမ်းကျင်ရာကို ရွေးချယ်နိုင်အောင်၊ လိုအပ်တဲ့ အခြေခံတွေကို ခွဲသင်ပေးလိုက်တဲံသဘောပါ။ ဒီလိုပဲ အင်တာနေရှင်နယ်စကူးလ်တွေမှာလည်း Lower Secondary (Year 7 to Year 9) မှာ သိပ္ပံဘာသာရပ် (Science) အနေနဲ့ physics, chemistry, bio ဆိုပြီး မခွဲဘဲ သင်ပါတယ်။ upper secondary (IGCSE Year 10-11) ရောက်မှ သီးသန့်ဘာသာရပ်တစ်ခုစီခွဲသွားတာပါ။ ဒါကြောင့်လည်း IGCSE မှာ မြန်မာစနစ်ဟောင်း ဆယ်တန်းလိုပဲ (English, Maths, Physics, Chemistry, Bio, Business, Computing, …etc) ဆိုပြီး စားမေးပွဲ ဝင်ဖြေနိုင်ပါတယ်။ ဒါကို နားလည်တယ်ဆိုရင် Lower Secondary ပြီးတာနဲ့ IGCSE မတက်ဘဲ တက္ကသိုလ်တက်မယ်ဆိုရင် ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားစေချင်တာပါ။ နောက်တစ်ခု ပြောချင်တာ နည်းနည်းရောထွေးသွားနိုင်တာလေး ရှိပါတယ်။ ကျနော်လည်းအရင်က ပြောခဲ့ဖူးတယ်။ အတန်းဘာမှ ပြီးကြောင်းမပြနိုင်ဘဲ တက္ကသိုလ် တက်လို့ရတယ်ဆိုတာမျိုး ပြောခဲ့ဖူးပါတယ်။ စာတော့နည်းနည်းရှည်ပါမယ်။ Homeschooling သင်ပြီး ဘာအထောက်အထား (အောင်လက်မှတ်၊ ရီပို့တ်ကဒ်) တွေ မပြနိုင်ခဲ့ရင် အမေရိကန်နိုင်ငံက ကျင်းပပေးတဲ့ GED ဖြေနိုင်ပါတယ်။ GED General Education Development Test စာမေးပွဲပါ။ ဒါက အထက်တန်း မပြီးတဲ့သူတွေအတွက် ကောလိပ်ဆက်တက်နိုင်အောင် စီစဉ်ပေးတဲ့စာမေးပွဲပါ။ ပြောရရင် GED လိုမျိုး College Admission Tests တွေ နိုင်ငံတိုင်းမှာ အများကြီးရှိပါတယ်။ ACT (American College Testing) လိုမျိုး ပေါ့။ ဒါက အရေးကြီးပါတယ်။ တကယ်လို့ အစောကပြောတဲ့ အရေးပါတဲ့ ကမ္ဘာ့အဆင့်ရှိတဲ့ တက္ကသိုလ်တွေကို သွားတော့မယ်ဆိုရင် (မတော်တဆ သူတို့ဘက်ကို ကိုယ်က ရောက်သွားခဲ့ရင် 😀 ပေါ့) IGCSE O level လိုမျိုး တစ်ခုနဲ့တောင် မရပါဘူး။GCE A level, OSSD လိုမျိုး High School ဒီပလိုမာတွေ အပြင်၊ တချို့ဆို SAT လိုမျိုးတွေ အထိ တောင်းသလို၊ ကိုယ်ပြီးခဲ့တဲ့ အတန်းလိုက် Credit per grade က အစ တောင်းပါတယ်။ (Credit per grade အကြောင်းသီးခြားရေးပါမယ်။ အကောင်းဆုံး ကတော့ ပညာသင်ယူတယ်ဆိုတာ တောင်မြင့်ကိုတက်သလိုပဲ တစ်ဆင့်ချင်းပဲ ကောင်းပါတယ်။ အဆင့်တိုင်းမှာ သိသင့်တာတွေ အတွေ့အကြုံတွေ လိုပါတယ်။ ပညာသင်ယူတယ်ဆိုတာ အတန်းကျော်တက်ပြီး၊ ဂုဏ်ထူးတွေ များများထွတ်တာမျိုးမှ မဟုတ်တာ။ လောက အကြောင်း၊ အလုပ်တွေ အကြောင်း၊ လူတွေအကြောင်း ဘာသာရပ်တွေ ပြဌာန်းပြီး သင်ခန်းစာတွေလုပ်ပြီး လေ့လာသင်ယူကြရတာပါ။ ဘွဲ့ရဖို့ထက် ပညာသင်တာ ပညာရဖို့က အရေးကြီးတာပါ။ အရည်ချင်းနဲ့ အရေအတွက်တွေ ကြားမှာ ဘယ်ဟာ အရေးကြီးလဲ နားလည်ဖို့ ကြိုးစားရမှာဖြစ်သလို၊ တကယ့် အရည်ချင်းရှိပြီး မြင့်မြတ်တဲ့ နေရာတွေ ရောက်ဖို့ဆိုတာ ဖြတ်လမ်း မရှိပါဘူး။ ဆက်ပါအုံးမယ် ကျေးဇူးတင်ပါတယ်။