သမာရိုးကျအတိုင်း သွားနေတဲ့ ပညာရေးကနေ ဖေါက်ထွက်ရတဲ့ အခါ နည်းနည်းတော့ သည်းခံရတယ်။ စာမေးပွဲတွေပေါ်မှာ အားပြုကြီးပြင်းလာခဲ့ရတဲ့ အကျင့်က ရုတ်တရက် ဆို ဖြစ်မှဖြစ်ပါ့မလား သံသယဝင်ကြတယ်။ အတန်းတင်ဖို့ စာမေးပွဲ စစ်တာကို လျှော့ပြီး(exam 40%)၊ Assignments, PBL (Project based learning) နဲ့သွားမယ်လို့ မိဘတွေကို ပြောတော့ တချို့က တကယ်တတ်ပါ့မလား၊ စာမေးပွဲမပါဘဲ ကလေးတကယ်တတ်မတတ်ကို ဘယ်လိုမှ မိသိနိုင်ဘူးတို့ ဘာတို့ ငြင်းခုန်ကြတယ်။ အစွဲတွေကို ခြေဖျက်နိုင်ဖို့ နားလည်သဘောပေါက်အောင် အရင်ရှင်းပြရတယ်။ တစ်နှစ်လုံးသင်ယူလေ့လာထားတဲ့ စာတွေကို Exam စာမေးပွဲ တစ်ခုတည်းပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာဟာ ကြီးမားတဲ့ ပညာရေး လွဲလျှော်မှုကြီးလို့တောင် ပညာရှင် အများစုက ဆုံးဖြတ်လာကြတယ်။ ဒါကြောင့် တိုးတက်ပါတယ်ဆိုတဲ့ အနောက် ဥရောပ၊ အမေရိကန် နဲ့ နိုင်ငံကြီးတော်တော်များများ ခေတ်မမီတော့တဲ့ ပညာရေးစနစ်ကို reform လုပ် ပြောင်းလဲလာကြတယ်။ သင်ရိုးတွေကို ဖုန်းတွေ ဗားရှင်း အပ်ဒိတ်မြှင့်သလို၊ နှစ်စဉ် ပြင်ဆင် ထပ်တိုးကြတယ်။ သင်ရိုးတွေကို အသေမထားဘဲ ကောင်းနိုးရာရာ၊ လတ်ဆတ်တိုးတက်နေတဲ့ အမြင်တွေနဲ့ ပေါင်းစပ် သင်ကြားကြတယ်။ References, Resources တွေ ကို နေရာတိုင်းက ယူပြီး ကလေးတွေကို ပိုထိရောက်စေမယ့် လိုက်လျောညီထွေတဲ့သင်ကြားမှုမျိုး နဲ့ ပုံစံပြောင်းယူကြတယ်။ တကယ်တော့ အစောကပြောတဲ့ Assignment စနစ်၊ PBL စနစ်တွေဟာ ဆရာတွေရဲ့ အတွေ့အကြုံ၊ အရည်အချင်းတွေ ပေါင်းစပ်ပြီး ကလေးတွေ ကို တစ်နှစ်လုံး သင်ထားတာ ဘယ်လောက်နားလည်လဲ၊ ဘယ်လောက်ထိ ထိရောက် တတ်မြောက်သလဲ ဆိုတဲ့ အကဲဖြတ်မှုမျိုးကောင်းကောင်းပေးနိုင်ပါတယ်။ အပြင်လောကထဲက Physical Projects တွေပါ သူတို့လေးတွေကိုယ်တိုင် အမြင်၊ အတွေးအခေါ် လက်တွေ့ ဖန်တီးနိုင်စွမ်းအား ကောင်းလာမယ်။ ဒါကြောင့်လည်း စီးပွါးရေး အရဖြစ်ဖြစ်၊ နိုင်ငံရေး အရဖြစ်ဖြစ် အရှေ့အနောက် အားပြိုင်လာတဲ့အ ခါ နိုင်ငံတစ်ခုရဲ့ တည်ထွင်ဖန်တီးနိုင်မှု စွမ်းအားက အခရာကျ အရေပါလာတယ်။ ဒီလိုဖန်တီးနိုင်မှု စွမ်းအားကလည်း လူငယ်မျိုးဆက်သစ်တွေပေါ်မှာ များစွာ မှီတည်နေတာပါ။ ဆက်ပါအုံးမယ်။